သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အစိုးရရဲ့ အားနည်းချက်အဖြစ် HRW ဝေဖန်


ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာ နဲ့ မူဆလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ မူဆလင်တွေအပေါ် လူမျိုးတုံးတဲ့အထိ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြပြီး၊ အခုလို ကျူးလွန်ခဲ့တဲ့အထဲမှာ အာဏာပိုင်တွေဘက်က အားပေးအားမြှောက် ပြုတာတွေရှိခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။ မြန်မာအစိုးရ အာဏာပိုင်တွေကတော့ ဒီအစီရင်ခံစာဟာ ပြည့်စုံမှုမရှိတဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ပယ်ချခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုကျော်သိင်္ခက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေက မူဆလင်တွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်ရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ “All You Can Do Is Pray - ဆုတောင်းယုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး” လို့ ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက အခုလို ပြောဆိုလိုက်တာပါ။

အစိုးရက ပဋိပက္ခတွေ ဖြစ်ပွားတာကို ဟန့်တားဖို့ ကြိုးပမ်းခဲ့တဲ့ အရိပ်အယောင်တွေလည်း မတွေ့ခဲ့ရဘူးလို့ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ HRW ရဲ့ အာရှရေးရာ လက်ထောက် တာဝန်ခံ ဖေးလ် ရောဘတ်စန် (Phil Robertson) က ပြောခဲ့တာပါ။

“အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေး၊ အရေးယူတာမျိုး အစိုးရဘက်က လုပ်ဆောင်တာကို မတွေ့ရသေးပါဘူး။ အကြမ်းဖက်မှုတွေ ဖြစ်တုန်းက အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက တားဆီးတာမျိုး မရှိသလို၊ ဒီအထဲမှာတောင် ပါဝင်ပတ်သက်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ အသတ်ခံရတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို နေရာ ၄ ခုမှာ မြေမြှုပ်ပြီး အစဖျောက်တဲ့ဟာမှာ ဒီအာဏာပိုင်တွေကိုယ်တိုင် ကြီးကြပ်ကွပ်ကဲတာမျိုး (ဒါမှမဟုတ်) ကိုယ်တိုင်ပါဝင်ပြီး မြေမြှုပ်တာမျိုးတွေကို HRW အနေနဲ့ လေ့လာတွေ့ရှိထားပါတယ်။”

မြန်မာအစိုးရရဲ့ ပြောခွင့်ရသူ ဒုတိယ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကတော့ အစိုးရအနေနဲ့ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းထားပြီး၊ စနစ်တကျ စုံစမ်းမှုတွေ လုပ်ဆောင်နေသလို HRW ရဲ့ အစီရင်ခံစာဟာ တဖက်သတ် သတင်းတွေကို အခြေခံထားတာမို့ ပြည့်စုံမှု မရှိဘူးဆိုပြီး Facebook အင်တာနက် လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်ထားတာပါ။ ဒီလိုပဲ အစီရင်ခံစာမှာ သုံးနှုန်းထားတာတွေကိုလည်း လက်မခံနိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမရ ကလည်း HRW ရဲ့ အစီရင်ခံစာမှာ မျိုးပြုတ်အောင် သုတ်သင်တယ်လို့ ရည်ညွှန်းဖော်ပြထားတဲ့ အသုံးအနှုန်းတွေဟာ လက်တွေ့မဆန်ဘူးလို့ ပြောပါတယ်။

“ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ethnic cleansing ဆိုတာက တော်တော်လေးကို ပြင်းထန်တဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ ကျနော့်အနေနဲ့ ယေဘုယျ အားဖြင့် ပြောရမယ်ဆိုရင်တော့ conflict area တွေမှာ ဆိုရင်ပေါ့နော် ဒီလိုပဲ စွပ်စွဲတဲ့နေရာမှာ ပြင်းပြင်းထန်ထန် စွပ်စွဲကြတဲ့အခါမှာ ethnic cleansing ပြုလုပ် တယ်ဆိုပြီးတော့ တဖတ်သတ် စွပ်စွဲတာမျိုးလေးတွေ ရှိပါတယ်။ ဒီလိုဥစ္စာမျိုးက တကယ် ဖြစ် မဖြစ် ဆိုတာကတော့ တကယ် တိတိကျကျ စုံစမ်းစစ်ဆေးတဲ့ အခါကျမှသာလျှင် ဒါမျိုးကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးဖို့ ဆိုတဲ့အခါမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားတယ်၊ ပြဿနာတွေ ဖြစ်နေတဲ့နေရာမျိုးမှာကျတော့ တိုက်ရိုက်ဝင်လို့ မရတဲ့ အခက်အခဲလေးတွေလည်း ရှိတယ်။ ဒါ ယေဘုယျအားဖြင့်ပဲ ကျနော် သုံးသပ်ပြောဆိုတာပါ”

HRW ကတော့ စာမျက်နှာ ၁၅၆ မျက်နှာရှိတဲ့ အစီရင်ခံစာကို မျက်မြင်တွေ့သူတွေ အပါအဝင် လူပေါင်း ၁၀၀ ကျော်ကို မေးမြန်းစုံစမ်းထားတဲ့အပေါ် အခြေခံ ပြုစုထားတယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့ HRW ကတော့ ရခိုင်ပြည်နယ်ထဲမှာ ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာက သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ကို ခွင့်ပြုဖို့လည်း တောင်းဆိုခဲ့သလို၊ ပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ နေရပ်ပြန်နိုင်အောင် အစိုးရက စီစဉ်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရတော့ လူပေါင်း ၂၀၀ လောက် သေဆုံးပြီး ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင် ဖွဲ့စည်းထားပေမဲ့ အစီရင်ခံစာ အပြည့်အစုံတော့ မထုတ်ပြန်သေးပါဘူး။ မူဆလင် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးရွှေမောင် ကတော့ အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေ ထွက်ပေါ်လာရင် အားလုံး အမြင် ရှင်းသွားနိုင်တယ်လို့ ပြောပါတယ်။

“ဒီစကားလုံး အသုံးအနှုံး အနေအထားက ဒီ HRW က သူတို့ဘာသာ သူတို့ စုံစမ်းပြီးမှ ထုတ်တဲ့ report ဆိုတော့ အဲ့ဒီအပေါ်မှာ ကျနော်က ဘာမှ မှတ်ချက်တော့ မပေးလိုဘူး ပေါ့နော်။ ဘာလို့လဲဆိုတော့ တချို့က အထင်အမြင် လွှဲမှားမှုလည်း ဖြစ်မှာပဲလေ”

HRW အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ဒေသခံ အာဏာပိုင်တွေကပါ လူနည်းစု မူဆလင်တွေအပေါ် တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့သလို၊ အားပေးအားမြှောက် လုပ်ခဲ့တာတွေတောင် ရှိတယ်လို့ ပြောပါတယ်။

အစီရင်ခံစာ ပြုစုသူတဦးလည်းဖြစ်၊ HRW ရဲ့ အတိုင်ပင်ခံလည်းဖြစ်တဲ့ မတ် စမစ် (Matt Smith) ကတော့ အစိုးရရဲ့ ကိုင်တွယ်ပုံတွေ အားနည်းချက် ရှိနေတာကို သိသိသာသာ တွေ့ရတယ်လို့ ပြောပါတယ်။

“အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတဲ့အပေါ် ရှင်းရှင်းလင်းလင်း သတိပေးချက်တွေ ထုတ်ပြန်ရမယ့်အစား၊ အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင်က ဒီကိစ္စကို ကြားဝင်ဖြေရှင်းပေးပြီး တားမြစ်တာမျိုး မရှိခဲ့တဲ့အပြင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အာဏာပိုင်တွေကိုယ်တိုင် ဗလီကျောင်းတွေကို ဖျက်စီးပစ်တာမျိုး၊ ရိုဟင်ဂျာတွေဆီကို ထောက်ပံ့ပေးတဲ့ လူသားချင်း စာနာမှု အကူအညီတွေကို ပိတ်ဆို့ တားဆီးတာမျိုးတွေ လုပ်ပါတယ်”

ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အပြောင်းအလဲတွေ သိသိသာသာ တွေ့မြင်လာရပြီဆိုပြီး ဥရောပသမဂ္ဂ (EU) ကတော့ အရေးယူ ဒဏ်ခတ်မှုတွေ ဆိုင်းငံ့ထားတာကို အပြီးတိုင် ဖယ်ရှားဖို့ စဉ်းစားနေတာဟာ စောလွန်းရာ ရောက်တယ်လို့လည်း HRW က ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ်ကတော့ EU က ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေချိန်မှာ အချိန်ကိုက် ထုတ်ပြန်ခဲ့တဲ့ HRW ရဲ့ အစီရင်ခံစာဟာ သံသယ ဖြစ်စရာ ကောင်းတယ်လို့လည်း မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG