သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူမှောင်ခိုဂိုဏ်း ထိုင်းဖမ်းဆီး


ထိုင်း ငါးဖမ်းစက်လှေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ။
ထိုင်း ငါးဖမ်းစက်လှေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ။
ထိုင်းနိုင်ငံမှာ ရောင်းစားခံခဲ့ရတဲ့ မြန်မာအလုပ်သမားတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူကုန်ကူးမှုဂိုဏ်းကိုလည်း အောင်မြင်စွာ ဖမ်းဆီးနိုင်လိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပြီးတော့ မြန်မာအလုပ်သမား အများစုရှိရာ မဟာချိုင်ဒေသနဲ့ မဲခေါင်ငါးဖမ်းလှေဆိပ်တို့မှာ ထိုင်းအစိုးရ လူကုန်ကူးမှု အထူးရဲတပ်ဖွဲ့ AHTT နဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့တို့ကနေ ပူးပေါင်းပြီးတော့ ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ အခြေအနေအသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက် မဟာချိုင် မဲခေါင်ငါးဖမ်း လှေဆိပ်မှာ ရောင်းစားခံရသူတွေထဲက တစ်ဦးက ထွက်ပြေးလွတ်မြောက်လာပြီးနောက် လူပွဲစားတွေကိုပါ ဖမ်းဆီးမိချိန်မှာ သူတို့နဲ့အတူ ရောင်းစားခံရသူ ၂ ဦးကို ဇွန်လ ၇ ရက်နေ့က ကယ်တင်နိုင်ခဲ့တာပါ။ ပထမဦးဆုံး ထွက်ပြေး လွတ်မြောက်လာတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက သူ ရောင်းစားခံရပုံနဲ့ ထွက်ပြေးလွတ်မြောက်လာပုံကို အခုလို ပြောပါတယ်။

“မဟာချိုင် ပေါင်မုန့်ရုံကို သွင်းမယ်ဆို ခေါ်သွားပြီးတော့ မဟာချိုင်ရောက်တော့ ဆိုင်ကယ်လ်နဲ့ တနာရီကျော်ကျော်လောက် ပြန်စီးတယ်။ ကမ်းစပ်နားရောက်သွားတော့ သူတို့ ပိုက်ဆံ တယောက် ၁ သောင်းစီ ထုတ်သွားပြီးတော့ သူတို့ ပြန်သွားတယ်။ ပြန်သွားပြီးတော့ ကျနော်တို့ ၃ ယောက်ကို အဲဒီမှာ ထားခဲ့တယ်။ မွန်တွေနဲ့ ထားခဲ့တယ်။ မွန်တွေက သူတို့အခန်းထဲမှာ ပိတ်ထားတယ်။ ပြန်မယ်လို့ ပြောတော့ ပြန်လို့ မရတော့ဘူးလို့ သူတို့က ပြောတယ်။ ကျနော်တို့အတွက် ပိုက်ဆံ တယောက် ၁ သောင်း ထုတ်သွားပြီတဲ့။ အဲဒါနဲ့ အခန်းထဲမှာပဲ ထားထားတယ်။ ညခင်း ၇ နာရီလောက်ကျတော့ ကျနော်နဲ့ပါတဲ့ ၂ ယောက်ကို သပ်သပ် ဆိုင်ကယ်နဲ့ ခွဲထုတ်သွားတယ်။ ကျနော့ကို အခန်းထဲမှာ ထားခဲ့တယ်။ ကျနော်လည်း မနက် ၄ နာရီလောက်ကျတော့ အခန်းခေါင်မိုးကြားထဲကနေ တိုးထွက်ပြီး ပြေးလာတာ။”

လူငယ် ၃ ဦးကို ထိုင်း လူကုန်ကူးမှု အထူးရဲတပ်ဖွဲ့နဲ့အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်းမှာ ပတ်စ်ပို့ပွဲစားလည်း လုပ်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လှေပေါ်ရောင်းစားရာမှာ နာမည်ကြီးနေတဲ့ လူမှောင်ခိုဂိုဏ်း တစ်ခုကိုပါ ဖမ်းဆီးလိုက်နိုင်တာဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ဆိုပါတယ်။

“ကျနော် ၂၀၁၁ ခုနှစ်လောက်ကတည်းက လိုက်နေတဲ့ အဲဒီ ဒေါ်ချမ်းဆိုတဲ့ အမျိုးသမီးကို ခြေရာခံမိတယ်။ အဲဒီ ဒေါ်ချမ်းကို လက်ရ ဖမ်းဆီးမိပြီးတော့ မဲခေါင်လှေဆိပ်က ပွဲစား ၂ ယောက် စုစုပေါင်း ပွဲစား ၅ ယောက်ကို ဖမ်းမိနိုင်လိုက်တယ်။ လွတ်မြောက်လာတဲ့ အလုပ်သမားအရေအတွက်ကတော့ ၃ ယောက်ပဲ ရှိတယ်။ ဒါပေမယ့် အရင့်အရင်တုန်းက ကူညီဖူးတဲ့အလုပ်တွေမှာ လူတွေ အများကြီးရပေမယ့် ပွဲစားတစ်ယောက်ကို ရ (ဖမ်းမိ) ဖို့ဆိုတာ တော်တော်ကို ခက်ခက်ခဲခဲ ကျနော်တို့ ကြိုးစားရတယ်။ ဒီတခါတော့ ပွဲစားဂိုဏ်းတဂိုဏ်းလုံးကို ရလိုက်တဲ့အတွက် ကျနော်တို့ကတော့ မြန်မာအလုပ်သမားတွေ တော်တော်များများအတွက် အန္တရာယ်ကင်းသွားတဲ့အတွက် ဝမ်းမြောက်တယ်။”

အလားတူပဲ ဇွန်လ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ကမ်းနီးငါးဖမ်းလှေမှာ ရောင်းစားခံရပြီး ဘတ်ငွေ ၁ သောင်းကျော်နဲ့ လာရောက် ရွေးထုတ်ဖို့ ပြောလာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေအကူအညီနဲ့ လူပွဲစားတချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့နဲ့အတူ ရှိနေတဲ့ ငါးဖမ်းလှေမှာ ရောင်းစားခံရတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ကရင် အမျိုးသား ၄ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမား ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ကိုမိုးဝေက ပြောပါတယ်။

“ဒီကလေးတွေအားလုံး ဂိုဒေါင်ရဲ့ရေအောက်မှာ ဆင်းထားထားတာ၊ ဂိုဒေါင်အောက်မှာ ရေရှိတယ်ဗျာ။ ရေအောက်မှာ ဒီ ကလေးလေးတွေကို ဆင်းထားထားတာ။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဟာ ထိုင်းလူကုန်ကူးမှု အထူးရဲတပ်ဖွဲ့အကူအညီနဲ့ ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးခံရသူတွေကို ကယ်တင်ခဲ့ရာမှာ ၂၀၁၁ မှာ လူ ၅၀၊ ၂၀၁၂ မှာ ၂၉၂ ဦး ၊ ၂၀၁၃ မှာ ၂၆၄ ဦးနဲ့ အခု ၂၀၁၄ ခုနှစ်မှာ လက်ရှိအချိန်အထိ လူ ၉၀ ကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ လူပွဲစား ၈ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၁၃ ခုနှစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ အဆိုးဆုံး အဆင့် နံပါတ် ၃ အဆင့်အဖြစ် သတ်မှတ်ခံထားရတာပါ။

လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ နှိမ်နင်းမှုတွေ ရှိနေပေမယ့် အိမ်နီးချင်း မြန်မာနိုင်ငံက အလုပ်ရှာဖွေလိုကြသူတွေ များတာကြောင့် အလုပ်အကိုင် ရှာဖွေရင်းနဲ့ လူကုန်ကူးမှုတွေ ဖြစ်လာရတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောနေကြပါတယ်ရှင်။
XS
SM
MD
LG