သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကို လူရောင်းဖို့ စီစဉ်သူတချို့ ရန်ုကုန်ရဲဖမ်းဆီး


လူကုန်ကူးမှုတိုက်ဖျက်ရေး။
လူကုန်ကူးမှုတိုက်ဖျက်ရေး။

ရန်ကုန်မြို့မှာ မြန်မာအမျိုးသမီးတွေကို လူကုန်ကူးဖို့ ကြိုးစားနေသူ တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒါဟာ ရန်ကုန်မြို့လို မြို့ကြီးပြကြီးနေရာမှာ တဖက်နိုင်ငံကို လူကုန်ကူးဖို့ ကြိုးစားနေတာကို ဒေသခံနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပထမဆုံးအကြိမ် ဖမ်းဆီးနိုင်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းတာဝန်ခံ ရဲမှုးကြီးကပြောပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်ဘက်မှာ မြန်မာမိန်းကလေး (၃)ယောက်ကို တရုတ်နိုင်ငံကို လူကုန်ကူးဖို့ စီစဉ်နေကြတယ်ဆိုတဲ့ တရုတ်နိုင်ငံသား (၃)ဦးနဲ့ ဇနီးမောင်နှံဖြစ်ကြတဲ့ မြန်မာနိုင်ငံသား (၂)ဦးကို လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ ကြည့်မြင်တိုင် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဇူလိုင်လ (၂၃)ရက်နေ့က ဖမ်းဆီး ခဲ့ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ရန်ကုန်တိုင်း တာဝန်ခံ ရဲမှုးကြီး ရဲဝင်းအောင်က ဗွီအိုအေကိုအခုလိုပြောပြပါတယ်။

" အိမ်ရှင်ပေါ့နော်။ မြန်မာက အိမ်ရှင် အိမ်ရှင်ဆိုတာ တရုတ်လူမျိုး ဆိုပေမဲ့ မြန်မာနိုင်ငံသားပေါ့။ ထွန်းနိုင်ဆိုတာ သူတို့နှစ်ယောက်ကို အဓိက အရေးယူတာပေါ့။ တရုတ်နိုင်ငံက လာတဲ့သုံးယောက်ကကျတော့ ကျနော်တို့က သူတို့ိုကို ဒီအမှုမှာ ပူးပေါင်းပါဝင်တယ်ဆိုတဲ့ သဘောနဲ့ အမှုဖွင့်တာ။ သူတို့က အဓိကတော့ မဟုတ်ဘူးပေါ့နော်။ သူတို့က ဒီကိုလာတဲ့ပုံစံက တရားဝင်ပေါ့ အလည်လာတယ်ဆိုတဲ့ပုံစံမျိုး လာပြီးတော့မှ ဒီလိုမျိုး ပြဿနာ ဖြစ်သွားတာလေ။ အခုစိစစ်နေတုန်းပဲရှိသေးတယ်။ သူတို့ကို ကျနော်တို့က ဘယ်လိုပုံစံနဲ့ လာသလဲ ကျနော်တို့ မသိသေးဘူးခင်ဗျ။ လက်ရှိဖြစ်သွားလို့ ဥပဒေအရ ကျနော်တို့က အရေးယူထားတာ။ "

မေး။ ။ အဲ့တော့ သူတို့ကို ဘယ်ပုဒ်မတွေနဲ့ အရေးယူထားလဲရှင့်။

" ခေါ်ထားတဲ့ မိန်းကလေးတွေကတော့ အသက်တွေကတော့ ၁၉နှစ်တို့၊ ၂၀တို့၊ အဓိကတယောက်ကတော့ ၃၄နှစ်ပေါ့နော်။ မိန်းကလေးတွေဖြစ်တဲ့အတွက် မိန်းကလေးတွေကို လက်ဝတ်လက်စားတွေ ဝယ်ပေးတယ်။ ပြီးတော့ သူတို့မိဘတွေကို ငွေကြေးထောက်ပံ့မယ်ဆိုပြီးတော့ ပြောဆိုစည်းရုံးပြီးတော့မှ ခေါ်ဖို့လုပ်တဲ့အတွက် ကျနော်တို့က လူကုန်ကူး ပုဒ်မ ၂၄/ ၃၂ နဲ့ အရေးယူထားပါတယ်။"

မေး။ ။ အခုလို တဖက်နိုင်ငံကို လူကုန်ကူးဖို့ ကြိုးစားနေသူတွေကို ရန်ကုန်မြို့မှာ ရဲမှုးကြီးတို့ ဖမ်းတာ ပထမဆုံးအကြိမ်လားရှင့်။

"ရန်ကုန်မှာတော့ ဒီဟာက ပထမဆုံးပေါ့နော်။ အရင်တုန်း ကတော့ ဒီက မြန်မာမိန်းကလေးတွေက ဒီကနေ တဆင့် တရုတ်ပြည် ရွှေလီတို့ မူဆယ်တို့ မူဆယ်ကနေ တဆင့် တဖက် တရုတ်လူမျိုူးတွေဆီကို တရုတ်မယား အဖြစ် ရောင်းစားတဲ့ ကေ့စ်အဖြစ်ပဲ ကျနော်တို့က အမှုဖွင့်ကြရတာပေါ့နော်။

အခုကတော့ ဒီဖြစ်စဉ်တွေက ကျနော်တို့ဆီကို ရောက်လာပြီးတော့မှ ဒီမှာရှိတဲ့ လက်ခံ ပြည်တွင်းမှာ ရှိတဲ့ လက်ခံတဲ့သူတွေက တရုတ်လူမျိုးတွေနဲ့တွေ့ပေးမယ် ဆိုပြီးတော့ သူတို့ကနေ အလည်ခေါ်တယ် ခေါ်ပြီးတော့မှ ဒီမိန်းကလေးတွေကို လက်ထပ်စာချုပ်ပုံစံမျိုး လုပ်ပြီးတော့ ထည့်ပေးမယ်ဆိုတဲ့ပုံစံမျိုး လုပ်တာပေါ့။"

လူကုန်ကူးဖို့ ကြိုးစားနေသူတွေကို ဝိုင်းဝန်းဖေါ်ထုတ်ခဲ့တဲ့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးရေးရာ တာဝန်ရှိသူတဦးဖြစ်တဲ့ မမီးမီးကလည်း တရုတ်နိုင်ငံသား (၃)ဦးကို သူကိုယ်တိုင်မေးမြန်းခဲ့တဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

"ကျမတို့ သူတို့ကိုမေးတယ်ပေါ့နော်။ စကားပြန်နဲ့မေးတယ်။ နင်တို့ ဘာလာလုပ်တာလဲ ဆိုတော့။ ငါတို့တရုတ်ပြည်မှာတဲ့ မိန်းမ အရမ်းရှားတယ်တဲ့။ အဲ့တော့ ငါတို့ကတဲ့ တရားဝင် ပတ်စပို့နဲ့ လာတယ်တဲ့။ ပြီးတော့ ငါတို့ကတဲ့ နင်တို့ မြန်မာပြည်က မိန်းမတွေကိုတဲ့။ ငါတို့က ပိုက်ဆံပေးတယ်တဲ့။ ပြီးတော့ တရားဝင် ပေါင်းမှာပါတဲ့။ ငါတို့က မိန်းမ လာဝယ်တာပါတဲ့။ အဲ့တော့ တဖက်နိုင်ငံသားတယောက်က မြန်မာနိုင်ငံသား အမျိုးသမီးကို မိန်းမ လာဝယ်တာပါဆိုတဲ့ ပြောတဲ့စကားမျိုးလောက် ကျမတို့ ခံရခက်တာ နာကျည်းတာမရှိဘူးပေါ့နော်။ "

ရန်ကုန်မြို့မှာ လူကုန်ကူးသူတွေဟာ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်အများစုကို ပစ်မှတ်ထား လာနေတယ်လို့ မမီးမီးကပြောပါတယ်။

" မြန်မာနိုင်ငံမှာ လူကုန်ကူးတိုက်ဖျက်ရေးတွေ လုပ်တယ်။ ပညာပေး ဟောပြောပွဲတွေ လုပ်တယ်ပေါ့နော်။ ဒါပေမဲ့ တကယ်တမ်း လူကုန်ကူးမယ်လို့ ယူဆတဲ့ အမှုတခု ကို တွေ့လာပြီဆိုတဲ့အခါမှာ အဲ့ဒီ့အမှုကို လူကုန်ကူးမှုမြောက်အောင် တည်ဆောက်ဖို့က တော်တော်ကြီးကို ခက်ပါတယ်။ ငါးရှဉ့်ဖမ်းရသလိုပဲပေါ့နော်။ အပေါက်တပေါက်ရှာပြီးတော့ လွတ်လွတ်ထွက်သွားတဲ့အမှုတွေ အများကြီး ကြုံရတယ်။ ဒါပေမဲ့အမှုတိုင်းမှာ တရားခံတွေကို လက်လွှတ်ပေးလိုက်ရပေမဲ့ မြန်မာအမျိုးသမီးတွေကိုတော့ ကျမတို့ ကယ်လိုက်နိုင်တယ်ပေါ့နော်။ "

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက်မှု ပြည့်မီချက် မရောက်သေးဘူးဆိုပေမဲ့ အရင် နှစ်တွေကထက်စာရင် ကြိုးပမ်းလုပ်ဆောင်မှုတွေ တိုးတက်လာတွေရှိလာတယ်လို့ ဖေါ်ပြထားပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ ၂၀၁၅ နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ဖို့ရှိပါတယ်။

XS
SM
MD
LG