သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူုကုန်ကူးမှုအခြေအနေ မြန်မာတိုးတက်မှုမရှိ


လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီးLuis CdeBaca
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီးLuis CdeBaca

နိုင်ငံတစ်နိုင်ငံရဲ့ လူကူးကုန်မှုတိုက်ဖျက်ရေးဟာ သက်ဆိုင်ရာနိုင်ငံတစ်ခုတည်း ဖြေရှင်းလို့ရတာမဟုတ်ဘဲ နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရ တာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနိုင်ငံတွေ တစ်နိုင်ငံချင်းစီနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။ အမေရိကန်သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေ အကြောင်း ဗွီအိုအေ ရန်ကုန်ရုံးကနေ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နဲ့အာဆီယံ ပူးပေါင်းပြီး အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် အမေရိကန်အနေနဲ့ အင်တိုက် အားတိုက်ပါဝင် ကူညီသွားမယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ စောင့်ကြည့်လေ့လာရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး လူဝီစ် စီဒီပါကာ က ပြောဆိုလိုက်တာပါ။ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အမေရိကန်- အာဆီယံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ (၄) ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ အိုဘားမားနဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူ ခဲ့ကြတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကတိကဝတ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင်း လူကုန်ကူးမှုဖြစ်ရပ်အတော်များများကတော့ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားတာ အများဆုံးဖြစ်ပြီး မြန်မာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အခြားတိုင်းပြည်တွေမှာ လိင်ကုန်ကူးမှု ရာဇဝတ်မှုတွေရဲ့ သားကောင်ဖြစ်နေရတယ်လို့ သံအမတ်ကြီး လူဝီစ် စီဒီပါကာ (Louis CdeBaca) က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်ကစပြီး လူကုန်ကူးမှုပြသာနာကို ပူးတွဲကိုင်တွယ်ကြဖို့ ဆောင်ရွက်ခဲ့ကြတာပါ။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ပြည့်တန်ဆာလုပ်ငန်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ ငါးဖမ်းလုပ်ငန်းမှာ မတရားအခိုင်းခံရခြင်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ အိမ်ဖေါ် အလုပ်စတဲ့ လုပ်အားခေါင်းပုံဖြတ်ခံရတဲ့ လူကုန်ကူးမှု ပုံစံအမျိုးမျိုးကို တိုက်ဖျက်ကြဖို့ အမေရိကန်နဲ့ မြန်မာနိုင်ငံက သံန္နိဌာန်ချပြီး သဘောတူခဲ့ကြပါတယ်။ ဒီလို လုပ်အားခေါင်းပုံဖြတ်နေကြရတာတွေဟာ ခေတ်သစ် ကျွန်ပြုခံနေကြတာလည်း ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက်မှု ပြည့်မီချက် မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင် နှစ်တွေကထက်စာရင် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုတွေတော့ ရှိလာပြီလို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် ကလေးစစ်သား စုဆောင်းအသုံးပြုမှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကို အမေရိကန် နိုင်ငံခြားရေးဌာနက အသိအမှတ်ပြုထားပါတယ်။

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ ကလေးစစ်သားစုဆောင်မှုတွေနဲ့ အတင်းအဓမ္မအလုပ်စေခိုင်းမှုစတဲ့ ခေတ်သစ်ကျွန်စနစ်ကို အာဆီယံဒေသတွင်းမှာ ပပျောက်အောင် ဆောင်ရွက်ဖို့ကိုလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ စောင့်ကြည့်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က တိုက်တွန်းလိုက်ပါတယ်။

“လူကုန်ကူးမှုဆိုတဲ့ ခေတ်သစ်ကျွန်စံနစ်အောက်မှာ အနစ်နာခံခဲ့ကြရသူတွေကို လေးစားစွာဖေးမရင်း နောက်ထပ်လူကုန်ကူးမှုတွေ ထပ် မဖြစ်ပွားရအောင် ကျိုးပမ်းကာကွယ်ကြဖို့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အာစီယံ အသင်းကြီးကတဆင့် အာစီယံအသင်းဝင်တနိုင်ငံချင်းစီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အထူးသဖြင့် အာစီယံအသင်းဝင်မြန်မာနိုင်ငံနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။”

၂၀၁၃ ခုနှစ်အထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာနိုင်ငံဟာ Tier 3 ခေါ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အားအနည်းဆုံးနိုင်ငံ နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခံထား ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သိသာတဲ့ အားထုတ်မှုတွေ လုပ်လာခဲ့တယ်ဆိုပြီး ၂၀၁၄ အစီရင်ခံစာထဲ Tier 2 WL စောင့်ကြည့် အဆင့် (၂) မှာ တိုးမြှင့် သတ်မှတ်ခံရတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မခိုင်းစေမှုအပါအဝင် လူကုန်ကူးခံရသူတွေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့အညီ ပြည့်မီအောင် မစွမ်းဆောင်နိုင်ရင်တော့ ၂၀၁၅ ခုနှစ်မှာ လူကုန်ကူးမှုစောင့်ကြည့်အဆင့် အဆိုးဆုံးဖြစ်တဲ့ Tier-3 ကို အလိုအလျောက် ကျရောက်သွားမှာလည်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အစိုးရက စီမံကွပ်ကဲတဲ့ အဓမ္မအလုပ်ခိုင်းစေတာတွေရှိသရွေ့မြန်မာနိုင်ငံဟာ လူကုန်ကူးမှု အဆိုးရွားဆုံးအဆင့် Tier 3 အဖြစ် စာရင်း ထည့်သွင်းခံရမှာဖြစ်ပါတယ်။ အဓမ္မအလုပ်စေခိုင်းမှု၊ ကလေးစစ်သားစုဆောင်းမှုနဲ့ တခြား လူကုန်ကူးမှု ပြသာနာတွေကို ILO နိုင်ငံ တကာ အလုပ်သမားအဖွဲ့ချုပ်လို အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ညှိနှိုင်းကိုင်တွယ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ အဖွဲ့အစည်းတွေ ထူထောင်ထားတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေရှိနေပေမဲ့ လူကုန်ကူးခံခဲ့ရသူတွေကို အကာအကွယ်ပေးရေးမှာ ရပ်ကွက် ကျေးရွာနဲ့ မြို့နယ်ဆိုင်ရာ သီးခြားအက်ဥပဒေ ကန့်သတ်ချက်တွေရှိနေသေးတာကြောင့် အဆိုးရွားဆုံး Tier 3 အဆင့် သတ်မှတ်ခြင်း မခံရအောင် ကြိုးစားဖို့ လိုနေပါသေးတယ်။”

မြန်မာအစိုးရအနေနဲ့တော့ အဆိုးရွားဆုံး Tier 3 အဆင့် ပြန်လည်မရောက်ရှိရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာန လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး လူကုန်ကူးမှုရာဇဝတ်မှုတွေကို စောင့်ကြည့် အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး ကလေးစစ်သား ပြန်လည်အပ်နှံတာတွေ၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေကို ဖော်ထုတ် တားဆီးတာတွေ လုပ်ကိုင်လာနေပါတယ်ခင်ဗျာ။

XS
SM
MD
LG