သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု မြန်မာနိုင်ငံမှာ ဆိုးဝါးဆဲ


လူကုန်ကူးမှု မြန်မာနိုင်ငံမှာ ဆိုးဝါးဆဲ
လူကုန်ကူးမှု မြန်မာနိုင်ငံမှာ ဆိုးဝါးဆဲ

လူကုန်ကူးမှု ပြဿနာဟာ မြန်မာနိုင်ငံမှာ သိသိသာသာ ဆိုးဝါးနေဆဲ ဖြစ်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။

အမေရိကန် အစိုးရက နှစ်စဉ် ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ တခြားနိုင်ငံတွေက လိင်မှုဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ ရောင်းစားခံနေရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေကြောင့် မြန်မာနိုင်ငံထဲက အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေဟာ အာရှနိုင်ငံတွေတင်မက အရှေ့အလယ်ပိုင်း နိုင်ငံတွေအထိ တရားဝင်ရော၊ တရားမဝင်ပါ ရွှေ့ပြောင်း အလုပ်လုပ်နေကြရပြီး အဲဒီနိုင်ငံတွေမှာလည်း အဓမ္မ အလုပ်ခိုင်းခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ ရောင်းချ အမြတ်ထုတ်ခံရတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာလည်း အဓမ္မ အလုပ်ခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုတွေကို စစ်ဘက်ရော အရပ်ဘက်က အာဏာရှိသူတွေက လုပ်နေကြတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဆင်းရဲသား ရပ်ကွက်တွေက ယောက်ျားလေးတွေဆိုရင် ကလေးစစ်သား စုဆောင်းခံရဖို့ အန္တရာယ်နဲ့ အများဆုံး ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

အာရှက လူကုန်ကူးမှု တိုက်ဖျက်ရေး အညံ့ဖျင်းဆုံး နိုင်ငံတွေ စာရင်းထဲမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းထားပါတယ်။

လူကုန်ကူးမှု ပြဿနာ ပပျောက်ရေးအတွက် အနိမ့်ဆုံး လိုအပ်ချက်ကိုတောင် မြန်မာအစိုးရက ဆောင်ရွက်ခြင်း မရှိသလို သိသာတဲ့ အားထုတ်မှုတွေကိုလည်း ဆောင်ရွက်ခြင်း မရှိဘူးလို့ စွပ်စွဲထားပါတယ်။

လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေအတွက် အမျိုးသမီးနဲ့ မိန်းကလေးတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းချနေတဲ့ ပြဿနာတွေကိုတော့ သက်ဆိုင်ရာက ဖြေရှင်းဖို့ ကြိုးစားပေမဲ့ အစိုးရ တာဝန်ရှိသူတွေက အဓမ္မ အလုပ်ခိုင်းနေတာတွေ၊ စစ်တပ် တာဝန်ရှိသူတွေက ကလေးစစ်သား စုဆောင်းနေတာတွေဟာ စိုးရိမ်စရာ ပြဿနာ ဖြစ်နေဆဲပဲလို့ အမေရိကန် အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG