သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးဖမ်းလှေပေါ် ရောင်းစားခံထားရသူ ၁၃ ဦး လွတ်မြောက်


ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ကယ်ထုတ်လိုက်နိုင်( ဓါတ်ပုံ -MAT)
ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ကယ်ထုတ်လိုက်နိုင်( ဓါတ်ပုံ -MAT)

ထိုင်းနိုင်ငံတောင်ပိုင်းက ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ကယ်ထုတ်လိုက်နိုင်ပါတယ်။ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၇၀၀ ကျော်ကွာဝေးတဲ့ စူရာတ်ဌာနရီခရိုင်ထဲက ငါးဖမ်းလှေတွေပေါ် မှာ ရောင်းစားခံထားရသူတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖဲ့ွက ထိုင်း လူကုန်ကူးမူတိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ တနင်္ဂနွေနေ့ နေလည် ၂ နာရီကျော်မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အနည်းဆုံး ၁ နှစ်ကျော်ကနေ ၃ နှစ်ကျော်ထိ ငါးဖမ်းလှေတွေပေါ် မှာ ရောင်းစားခံ ထားရတဲ့ မြန်မာ ၁၃ ဦးထဲမှာ အသက်အငယ်ဆုံး ၂၁ ကနေ အသက်အကြီးဆုံး ၆၄ နှစ်ထိ ပါဝင်တာပါ။ သူတို့တွေဟာ အလုပ်အကိုင်ရှာဖွေဖို့လာရင်းနဲ့ လူပွဲစားတွေ က ငါးဖမ်းလှေပေါ်မှာ ရောင်းစားသွားတဲ့အတွက် ထွက်ပြေးလို့မရဘဲ လှေပေါ် မှာ ငွေကြေးအနည်းငယ်နဲ့ ကျွန်တွေသဖွယ် အလုပ်ခိုင်းစေခံရကြောင်း ဒီကနေ့ လွတ်မြောက်လာတဲ့ လှေလုပ်သားတဦးက ပြောပြပါတယ်။

“ကျနော် ဒီလှေကိုရောက်တာ၊ လှေပေါ်မှာလုပ်တာ ၃ နှစ် နဲ့ ၃ လ ရှိပြီ။ ကျနော့် ကို ခေါ်လာတော့ ဒီမှာ အလုပ်ရမယ်ဆိုပြီးခေါ်လာတာ။ ကျနော်တို့ ငြင်းလို့မရဘူး၊ ကျနော်တို့မှာ ပိုက်ဆံအကြွေးရှိတယ်တဲ့။ တကယ်လို့ ကျနော်တို့ မလုပ်ဘူးဆိုရင် သူတို့က ရိုက်မယ်နှက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာ။ အဲဒါကြောင့်မို့လို့ ကျနော် တို့ ကြောက်လို့ လုပ်နေရတာ။ အဲဒီတော့ ကျနော်လုပ်တာ ၂ နှစ် ၃ လ ၁၉ ရက် ကျတော့ ထွက်ပြေးတယ် တခေါက် ၊ ကျနော်မလုပ်နိုင်လို့ ထွက်ပြေးတယ် တခေါက်။ ထွက်ပြေးတော့ ကျနော်အပြင်မှာ ၈ လကျော်ကြာ တယ်။ နောက်ကျနော့်မှာ ဘတ် (နေထိုင်ခွင့်ကဒ်) မရှိလို့ ဘတ်သွားရိုက်တော့ ဒီသူဌေးနဲ့ပြန်တွေ့တော့ ကျနော့်ကိုခေါ်လာတယ်။ မင်းပိုက်ဆံတွေပြန်ပေးမယ်၊ မင်းပြန်ဆင်းရင်ပြန်ပေးမယ်ဆိုပြီးတော့ သူပြန်လုပ်ခိုင်းတာ ၁၁ လကျော်သွားပြီ။ အရင်ပိုက်ဆံလည်းမရသေးဘူး၊ အခုပိုက်ဆံလည်းမရသေးဘူး။”

သူတို့ဟာ ကူညီကယ်ဆယ်တဲ့အဖွဲအစည်းရဲ ဖုန်းနံပါတ်တွေကို ရရှိခဲ့တာကြောင့် သူတို့ကိုအကူညီပေးဖို့ တောင်းဆိုခဲ့ရာကနေ အခုလိုမျိုး လွတ်မြောက်လာခဲ့တာလို့ ဆိုပါတယ်။ လှေပါ်မှာနေထိုင်ရတဲ့အခြေအနေကိုလည်းရှင်းပြပါတယ်။

“ညဘက်ကျတော့လည်း ထမင်းတောင်ငတ်တယ်။ လာကယ်တဲ့သူတွေ ကိုတွေ့တော့ ကျနော် တအားစိတ် ထဲမှာပျော်တယ်။ မြန်မာတွေအများကြီးနဲ့ လည်း တွေ့ချင်တယ်။”

ထူးခြားတာက အလုပ်သမားတွေမှာ လက်မှတ်တွေရှိနေပြီး အလုပ်ပိုင်ရှင်က သိမ်းဆည်းထားသလို လုပ်အားခတွေကိုလည်း မပေးဘဲ လုပ်ဆောင်ထားတယ် လို့ဆိုပါတယ်။

သူတို့လွတ်မြောက်ရေးကို လုပ်ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲရဲ့ အမူဆောင်ဒါရိုက်တာဦးကျော်သောင်းကတော့ သူတို့ကို ကယ်ဆယ်ပြီး အမြန် ဆုံးနေရပ်ရင်းပြန်အောင် နှစ်နိုင်ငံအစိုးရတွေက စီစဉ်ဆောင်ရွက်ဖို့လိုတယ် လို့ပြောဆိုလိုက်ပါတယ်။

“အလုပ်သမားတွေက ကမ်းကိုတခါကပ်လာလို့ရှိရင် ၂၀၀၊ ၃၀၀ မုန့်စားဖို့ အရက်သောက်ဖို့ လောက်ပဲရတယ်။ မြန်မာပြည်ပြန်ချင်ရင်လည်း မပြန်ရဘူး။ ဒီအထဲမှာ အလုပ်သမား ၂ ယောက်က ပတ်စ်ပို့လည်းပါတယ်။ ကျန်တဲ့ အလုပ်သမား ၁၁ ယောက်က ဘတ် လုပ်ထားတယ်။ ဒီအလုပ်သမားတွေရဲ့ဘတ် တို့ ပက်စ်ပို့တို့ကို သိမ်းထားတယ်။ ကမ်းကိုတောင် ကပ်ခွင့်မရှိဘူး။ ကမ်းကို ခိုးကပ်ပြီးနေမယ်ဆိုရင်လည်း ချက်ချင်းပြန်ထွက်ရတယ်။ ကျနော်တို့ကတော့ အလုပ်သမားတွေ လုပ်အားခတွေ ဘာတွေရလို့ ရှိရင်တော့ မြန်မာပြည်ပြန်ရင်ကောင်းပြီလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၁၁ လပိုင်းက ကတန်မှာဖမ်းခဲ့တဲ့ အလုပ်သမားတွေလည်း အခုထိ အိမ်မပြန်ရသေးဘူး။ ဇန်နဝါရီ ၂၈ ရက်နေ့က ဖူးခက်မှာ ဖမ်းမိခဲ့တဲ့ အလုပ်သမား ၃၂ ယောက်လည်း အခုထိ မပြန်ရသေးဘူး။ ကျနော်တို့ဘ၀ ာ ရေနွေးပူအိုးထဲ ကနေ ဆီပူအိုးထဲပြောင်းသလိုပဲ လူကုန်ကူးမှုဥပဒေတွေက ထိုင်းနိုင်ငံမှာဖြစ်နေ တယ်။”

မကြာသေးခင်တုန်းကပဲ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာရှိတဲ့ ရေလုပ်သား ၅၀,၀၀၀ လောက်ဟာ ရေလုပ်ငန်းခွင်ကိုပြန်ရောက်လာခြင်းမရှိတဲ့အတွက် ရေလုပ်ငန်းရှင်တွေက လုပ်သားရှားပါးမူကိုကြုံနေရကြောင်း ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံက ရေလုပ်သားတွေဟာ လူကုန်ကူးခံရပြီးတော့ ဒေသတွင်း ငါးဖမ်းလှေတွေမှာ ရောင်းစားတာခံကြရတဲ့ သတင်းတွေကလည်း မကြာခဏ ဆိုသလို ထွက်ထားဖူးပါတယ်။ ဒီအခြေအနေအပေါ် လူအခွင့်ရေးအဖွဲ့ အစည်းတွေက ဝေဖန် ပြစ်တင်ကြသလို ထိုင်းနိုင်ငံရဲ့ ပင်လယ်စာတွေ ကို နိုင်ငံတကာမှာဝယ်ယူသုံးစွဲတာတွေ ပိတ်ပင်ဖို့အထိ ပြောဆိုနေကြတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ အလုပ်သမားတင်သွင်းဖို့က နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ကိုသန့်ကလည်း VOA က ဆက်သွယ်မေးမြန်းစဉ်မှာပြောဆိုပါတယ်။

ဒါပေမဲ့လူကုန်ကူးခံရတဲ့မြန်မာတွေကတော့ ရေလုပ်ငန်းတွေမှာမြန်မာတွေကို တင်သွင်းတာ မလုပ်စေချင်ဘူးလို့အခုလိုပြောပါတယ်။

“ကောင်းတဲ့ သူဌေးပဲဖြစ်ဖြစ်၊ မကောင်းတဲ့ သူဌေးပဲဖြစ်ဖြစ် ပင်လယ်အလုပ်ကတော့ ကျနော်တို့မြန်မာပြည်သားတွေကိုမလုပ်စေချင်ဘူး။ ပင်လယ်အလုပ်က အသက်နဲ့ ရင်းပြီးလုပ်နေရတာ၊ ရေပေါ်မှာပဲ နေနေရတာ။ တချို့ ဒီအထဲ မှာ ရေကူး တတ်တဲ့လူရှိတယ်၊ မကူးတက်တဲ့လူရှိ တယ်။ ရေမကူးတတ်တဲ့လူ ပြုတ်ကျသွား ရင် သေပြီပေါ့။ တချို့ကျတော့ အသက်တွေကြီးနေပြီ အိမ်လည်းမပြန်နိုင်ဘူး။ တချို့ကျတော့ ပိုက်ဆံရတဲ့ သူဌေးရှိသလို၊ မရတဲ့သူဌေးတွေလည်းရှိတယ်။ အသက်တွေဆုံးရှုံးသွားတာ ဒီနိုင်ငံမှာ မြန်မာတွေအများကြီးပဲ။ အိမ်ကလည်း မသိရဘူး။ တချို့ဆို မိသားစုက သေလား၊ ရှင်လားဆိုတာ မသိရဘူး။ မလုပ်စေ ချင်ဘူးပေါ့ ကျနော်ကတော့ မသွင်းစေချင် ဘူးပေါ့နော်။ မြန်မာတွေ ကို လှေလုပ်သားအဖြစ်နဲ့ ။ ကျနော်တို့လိုပဲ ထွက်ပြေးကြတဲ့လူတွေအများကြီးပဲ ။ တချို့တွေကျတော့ အပြင်မှာပဲ လုပ်စားနေကြရတယ်။ ထွက်ပြေးတဲ့ လူက ရေတွက်လို့တောင်မနိုင်ဘူး။ တော်ကြာ ခုန်ချသွားပြန်ပြီ ၃၊ ၄ ယောက် အဲလိုမျိုးတွေ။”

ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့ဟာ လူကုန်ကူးခံရပြီး များသောအားဖြင့် ငါးဖမ်းလှေတွေ နဲ့ ရေထွက် ပစ္စည်းတွေထုတ်လုပ်တဲ့ အလုပ်ရုံတွေမှာ ရောင်းစားခံရတာတွေ ရှိနေတယ် လို့လူအခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံ ကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားပေမယ့် မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG