သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူကုန်ကူးတိုက်ဖျက်ရေးရဲ့ သက်ရောက်မှု


လမ်ကာဝီရဲစခန်းမှာရောက်ရှိလာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ
လမ်ကာဝီရဲစခန်းမှာရောက်ရှိလာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ

ထိုင်းနိုင်ငံထဲကနေတဆင့် မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအထိ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလို့ခေါ်တဲ့ လူမျိုးတွေ လူကုန်ကူးခံနေရပြီး ထောင်နဲ့ချီ ဖမ်းဆီးနေရတာတွေလည်း ရှိနေပါတယ်။

တချိန်တည်းမှာပဲ လူကုန်ကူးသူတွေရဲ့ လမ်းတလျှောက် တထောက်နားရာ ထိုင်းနိုင်ငံကလည်း ဒီပြဿနာကို အိမ်နီးနားချင်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးအဖြေရှာဖို့အတွက် ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလူမျိုးတွေလို့ ယူဆရတဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာတော့ ထိုင်းအစိုးရက လူကုန်ကူးသူတွေရဲ့ စခန်းတွေကို ရှင်းလင်းရေးလုပ်ခဲ့သလို လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူမှန်သမျှကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အခုလို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုတွေ လုပ်လာပြီးတဲ့နောက်မှာတော့ အိမ်နီးနားချင်း နိုင်ငံတွေဆီကို လှေစီးပြေးဒုက္ခသည်တွေဟာ အစုလိုက်အပြုံလိုက် ဝင်ရောက်နေပါတယ်။

ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ Rohingya refugee of Thailand အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အဘူကာမန် ကတော့ ပင်လယ်ပြင်တွင်းမှာ ရောက်နေတဲ့ ဒုက္ခသည်တွေက အကူညီပေးဖို့ ဒီကနေ့မနက် ဆက်သွယ်လာကြောင်း အခုလို ပြောပြပါတယ်။

“ဖုန်းဆက် ကျနော်ရတာက အဓိကရတာက ထိုင်းနိုင်ငံနယ်စပ်နဲ့ မလေးရှားနယ်စပ်နဲ့ လမ်ကာဝီနဲ့ အဲဒီဘေးနားမှာ ထိုင်းတွေနယ်စပ်မှာရှိတယ်လို့ကြားတယ်။ ထိုင်းတယ်လီဖုန်းနဲ့ သူတို့သုံးနေတယ်။ အဲဒါ မနေ့ကနေပြီးတော့ ဟိုတနေ့ကနေပြီးတော့ သူတို့ ဒီပင်လယ်မှာရှိနေတယ်။ ဒီက ထိုင်းကနေပြီးတော့ သွားရှာလိုက်တာ ရှာလို့မတွေ့ဘူးလို့ ပြောတယ်။ အဲဒီထဲမှာ မနေ့ညနေကတင် လူ ၇ ယောက်သေသွားပြီ။ နောက်ဆက်လက် သေဖို့လည်းရှိတယ်။ ဘာလို့လဲဆိုတော့ အစာလည်းမရှိဘူး။ ဘာမှမရှိဘူး။ စားဖု့ိသောက်ဖို့ ဘာမှမရှိဘူး။ ထိုင်းနိုင်ငံကသွားတာလည်း ရှာလို့မတွေ့တော့ဘူးဖြစ်နေတယ်။ သူတို့က အကူအညီတောင်းပါတယ်။ UNHCR ကို ပြောပြပါလို့။ ထိုင်းအစိုးရကိုပြောပြပြီးတော့ ကျနော်တို့ကို နည်းနည်းလောက် ကူညီပါလို့။ ကျနော်တို့ အသက်ရှင်အောင်ပေါ့။ သူတို့ရခိုင်က ထွက်လာတာကနေမှ အခု ရက် ၅၀ ကျော်သွားပြီ။ ၅၅ ရက် ရှိသွားပြီ။ ဒါပဲပြောထားတယ်။”

ဒီကနေမှာတော့ ဝန်ကြီးများအးစည်းအဝေးအပြီး ထိုင်းဝန်ကြီးချုပ်က လှေစီးပြေးဒုက္ခသည်တွေ ဝင်ရောက်လာနိုင်ချေ ရှိတာတွေကို ပြောပြခဲ့ပြီး လူကုန်ကူးမှုပြဿနာကို နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းဖြေရှင်းကြဖို့ ပြောဆိုလိုက်ပါတယ်။

“နှစ်ဘက်စလုံးကြည့်ရပါမယ်။ ပထမတခုက နိုင်ငံတော်လုံခြုံရေးဖြစ်တယ်။ ထိုင်းနိုင်ငံသားတွေအတွက် အဓိကထား ကြည့်ရပါမယ်။ နောက်တခုကတော့ ငြင်းပယ်လို့ မရတာက လူ့အခွင့်အရေးကိစ္စပါ။ ထိုင်းနိုင်ငံအတွင်းမှာ ပြစ်မှုကျူးလွန်မှု ဖြစ်နေကြတော့ သူတို့ကို ဘယ်လို ကြည့်ရှုမလဲ။ ဒါကို ထိုင်းတနိုင်ငံတည်း ဖြေရှင်းရမှာမဟုတ်ဘဲ သက်ဆိုင်တဲ့ အိမ်နားနီးနိုင်ငံတွေရော နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးအဖြေရှာရမှာ ဖြစ်တယ်။ မဖြေရှင်းနိုင်ရင်တော့ ထိုင်းနိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေပါမယ်၊ လူကလည်း ပိုများလာတယ်။ ပင်လယ်ပြင်မှာ မျောနေတဲ့ သူတွေရှိတယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ အခုကာလမှာ ပင်လယ်ပြင်ကို ပိုဖြတ်တာကလည်း မိုးမကျခင် လာကြတဲ့သဘော ရှိတယ်။ မိုးလေဝသကောင်းတဲ့ ၆ လလောက်အတွင်းမှာ လာကြတယ်။ ထိုင်းနိုင်ငံအတွင်းကို ရောက်လာရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်မယ်။ ထိုင်းရေပိုင်နက် အပြင်ဘက်ဆိုရင်တော့ ထိုင်းနိုင်ငံနဲ့ မဆိုင်ပါဘူး။”

ထိုင်းအစိုးရက ၁၀ ရက်အတွင်း လူကုန်ကူးသူတွေရဲ့ စခန်းတွေကို ဖျက်သိမ်းနိုင်ဖို့ အမိန့်ပေးခဲ့တာကြောင့် ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာလို့ ယူဆရသူ ၁၀၀ ကျော် ဖမ်းဆီးမိခဲ့သလို ချုံဖွန်ခရိုင်ထဲမှာတော့ မြန်မာအများစုပါတဲ့ ရွှေ့ပြောင်းအလုပ်သမား ၇၀ ခန့်ကို ထိုင်းစစ်တပ်က ဖမ်းဆီးမိခဲ့ပါတယ်။

နေ့စဉ်နေ့တိုင်း ရာနဲ့ချီပြီး ဝင်ရောက်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေဟာ ပင်လယ်ပြင်မှာ ကမ်းကပ်နိုင်ဖို့ ကြိုးစားရင်း မိုးလေဝသ မကောင်းတာကြောင့် လှေမှောက်သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။ အခုလည်း ပင်လယ်ပြင်ထဲမှာ ရှိနေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီလိုထိုင်းနိုင်ငံကနေတဆင့် မလေးရှား၊ အင်ဒိုနီးရှားထိ အဆင့်ဆင့် လူကုန်ကူးခံရတဲ့ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့တော့ ထိုင်းအစိုးရက မြန်မာ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းအဖြေရှာနိုင်ရေး ကြိုးစားနေပါတယ်ရှင်။

XS
SM
MD
LG