မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂလူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် Kyung-wha Kang ဟာ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ခရီးစဉ်တွေကို မနေ့က အဆုံးသတ်ပြီး၊ အဲဒီက ဒေသခံတွေရဲ့ လူသားချင်း စာနာကူညီမှု လိုအပ်ချက်တွေ လိုအပ်ချက် ရှိနေတာတွေ ကို ထောက်ပြလိုက်ပါတယ်။
လူဦးရေ လေးသိန်းနှစ်သောင်းတထောင်လောက်အတွက် သေရေးရှင်ရေး အရေးပေါ်လိုအပ်ချက်တွေကို အကူအညီပေးဖို့ လူသားချင်းစာနာကူညီရေး လုပ်သားတွေရဲ့ အခက်အခဲ စိန်ခေါ်ချက်တွေကို သူမြင်ခဲ့ရတယ်လို့ Kyung-wha Kang က မနေ့က ကြေညာချက်ထုတ်ပါတယ်။
သူဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပေါက်တောမြို့နယ်တွေကို နယ်စပ်ရေးရာ ဒုတိယ၀န်ကြီးနဲ့အတူ သွားရောက်ပြီး၊ အဲဒီက ဒုက္ခသည်တွေနဲ့ အကြမ်းဖက်မှု ဒဏ်ခံစားရတဲ့ လူမှုအသိုင်းအ၀ိုင်းတွေကို တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ စစ်တွေက ကုလသမဂ္ဂနဲ့ အကူအညီပေးရေးရုံးတွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့နောက်ပိုင်း၊ အကူအညီပေးလုပ်ဆောင်မှု အခြေအနေတွေကို ဒေသခံတွေနဲ့ရော အကူအညီပေးရေး လုပ်သားတွေနဲ့ပါ တွေ့ဆုံပြီး အကဲဖြတ်လေ့လာခဲ့တယ်လို့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီနောက်ပိုင်းအခြေအနေမှာ ပြည်ထောင်စုအစိုးရဖက်က ကူညီဆောင်ရွက်မှုတွေ ရှိတယ်ဆိုပေမယ့်လည်း၊ လူသားချင်းစာနာကူညီမှုပေးနေတဲ့ လုပ်နိုင်ခြေ အတိုင်းအတာဟာ ယခင်ကထက်စာရင် ၆၀ ရာခိုင်နှုန်းအောက် လျှော့ကျနေ တယ်လို့လည်း ဆိုပါတယ်။
ဒီလို အကူအညီတွေ အပြည့်အ၀ပေးနိုင်ဖို့အတွက် ပြည်တွင်းရော ပြည်ပကပါ အကူအညီပေးလုပ်သားတွေရဲ့ လုံခြုံဘေးကင်းမှုကို အာမခံဖို့ လိုတယ်လို့လည်း လက်ထောက်အတွင်းရေးမှုးချုပ် Kyung-wha Kang က ပြောပါတယ်။ Ms.Kang ဟာ ကေအိုင်အိုနဲ့ မြန်မာအစိုးရအကြား တိုက်ခိုက်မှုတွေကြောင့် စစ်ဒဏ်ခံရတဲ့ ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။
အရပ်သားပြည်သူတွေ လုံခြုံဘေးကင်းရေးနဲ့ သူတို့လိုအပ်ချက်တွေ ကို နိုင်ငံတကာလူသားချင်းစာနာကူညီမှုစံနှုန်းစံထားအတိုင်း လေးစားလိုက်နာဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ Mr.Kang က ပြောပါတယ်။ လက်ထောက် အတွင်းရေးမှုးချုပ် Kyung-wha Kang ဟာ ရှေ့အပတ်ထဲမှာတော့ နယူးယောက်ကုလသမဂ္ဂဌာနချုပ်ကို ပြန်ရောက်မှာဖြစ်ပါတယ်။ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂကို ပြန် အစီရင်ခံပြီးရင်၊ ရှေ့အပတ် ထဲမှာပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ဖို့ရာရှိနေပါတယ်။