သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းမီးလောင်မှု အိမ်ခြေရာချီ ဆုံးရှုံး


မြန်မာနိုင်ငံမှာ နွေရာသီ နီးလာတာနဲ့အမျှ မီးဘေး အန္တရာယ်တွေ ပေါ်ပေါက်နေရာမှာ စစ်ကိုင်းတိုင်း အတွင်းမှာတော့ ဒီကနေ့ တနေ့တည်းမှာတင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ၂ ခု ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် နန်တောကျေးရွာမှာ ဒီကနေ့ မနက် မီးလောင်ကျွမ်း ခဲ့ရာ လူနေအိမ်ခြေ ၁၀၀ ခန့်နဲ့ ဈေးတဈေးလုံး နီးပါး မီးလောင်ကျွမ်းခဲ့သလို၊ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ် ကျွန်းတောရွာမှာလည်း ဒီကနေ့ မနက်ခင်း မီးလောင်ကျွမ်းမှုမှာ အိမ်ခြေ ၄၀ နီးပါး ဆုံးရှုံးခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ကိုမိုးဇော် က တင်ပြထားပါတယ်။

နွေရာသီကို ရောက်လာပြီဆိုတာနဲ့ မြန်မာပြည် ဒေသ အတော်များများမှာ မီးလောင်မှုတွေ စတင် ဖြစ်ပွားလာ တတ်သလို၊ အခုလို မီးသတ်ကား ဥသြဆွဲတဲ့ အသံတွေကိုလည်း မကြာမကြာ ကြားရတတ်တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နန်တောကျေးရွာမီးဟာ ဒီကနေ့ မနက်ခင်း ၁ နာရီ
လောက်က စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး လောင်ကျွမ်းမှု အခြေအနေကို ဒေသခံတယောက် က အခုလို ပြောပါတယ်။

“အိမ်ခြေတော့ တော်တော် များတယ်ရှင့်။ တရွာလုံးနီးပါးပဲ။ ဈေးဆိုရင်တော့ တဈေးလုံး လောင် သွားတာပဲ။ ဘာမှ မရတော့ဘူး။ ကမ်းနားကတော့ တောက်လျှောက်ပဲ။ ကမ်းနားအကုန်လုံး ဘာမှ မရှိတော့ဘူး။ တကယ့် အချက်အခြာ ကျတဲ့နေရာပေါ့နော် အခုလောင်သွားတာ အားလုံးက။ တော်
တော်များတယ်။ (မနက်အစောကြီး) တနာရီ ထိုးလောက်ကနေ စလောင်တာ အခုထိကို ငြိမ်းနေကြ တုန်းပဲ။”

နေ့ခင်း ၁၁ နာရီလောက်က ပြောပြခဲ့တာ ဖြစ်ပါတယ်။ တခြားဒေသခံ တယောက်ကတော့ လောင် ကျွမ်းသွားတဲ့ အိမ်ခြေဟာ ရွာရဲ့ ၃ ပုံ ၁ ပုံ၊ အိမ်ခြေ ၆၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ မီးသတ်ဌာနနဲ့ နီးစပ်သူ တယောက်ကတော့ အိမ်ခြေ ၁၀၀ လောက်နဲ့ ဈေးဆိုင်ခန်း ၁၀၀ ကျော်
လောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။

“ဟုတ်ငြိမ်းပြီဗျ။ ငြိမ်းတော့ ငြိမ်းနေပါပြီ။ အိမ်ခြေ ၁၀၀ ကျော်လို့ ပြောတယ်။ ဈေးက တဈေးလုံး ပါသွားတာ။ အိမ်ခြေ ၁၀၀ကျော် ဆိုတဲ့အထဲမှာ ဈေးမပါသေးဘူး။ ဈေးက သတ်သတ်။ သူတို့ လာပြီး ပြောသလောက်တော့ ဆိုင်ခန်း ၁၀၀ ကျော်ပဲ ပြောတယ်။ စာရင်းက သူတို့ ကောက်နေ တုန်းပဲ ရှိတယ်။”

ဒီကနေ့ မနက်ခင်းမှာပဲ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ်က ကျွန်းတောရွာမှာလည်း မီးလောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံး အိမ် အလုံး ၄၀ လောက် ပျက်ဆီးခဲ့တယ်လို့ ဒေသခံ
တွေက ခန့်မှန်းပါတယ်။

“လောလောဆယ်တော့ စာရင်း အတိအကျတော့ မထွက်သေးဘူး။ ၄၁ အိမ်လောက်အထိ ရှိနိုင်တယ်တော့ ပြောတယ်။ ည ၁ နာရီခွဲလောက်က စလောင်တာ၊ မနက် ၄ နာရီခွဲလောက်မှ မီးငြိမ်းသွားပါတယ်ခင်ဗျ။ ပေ့ါဆမီးလို့ပဲ ယူဆရတယ်။”

ကျွန်းတောရွာ မီးလောင်ချိန်မှာတော့ ယင်းမာပင်၊ အလုံနဲ့ မုံရွာ က မီးသတ်ကားတွေ သွားရောက် ပြီး ငြိမ်းသတ် ခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ မီးသတ် ဗဟိုဌာနရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ မီးလောင် ပျက်စီးမှုနဲ့ ဆုံးရှုံးမှု ပမာဏကို အတိအကျ မသိရသေးကြောင်း ပြောပါတယ်။

၂၀၁၂ ခုနှစ်အတွင်းကတော့ တပြည်လုံး အတိုင်းအတာနဲ့ မီးလောင်မှုပေါင်း အကြိမ် ၁၀၀၀
ကျော် ဖြစ်ပွားခဲ့ပြီး၊ ဒီအထဲမှာ ပေါ့ဆမီးက အကြိမ် ၄၀၀ နီးပါးနဲ့ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။
XS
SM
MD
LG