သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေရာချ ထားရေး အစီအစဉ် လုပ်ဖို့ EU ကို ကုလ တိုက်တွန်း


ဟန်ဂေရီ နိုင်ငံ Bicske (BICH keh ) မြို့ ရထား ဘူတာရုံကိုရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ။ (စက်တင်ဘာ ၄၊ ၂၀၁၅)
ဟန်ဂေရီ နိုင်ငံ Bicske (BICH keh ) မြို့ ရထား ဘူတာရုံကိုရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ။ (စက်တင်ဘာ ၄၊ ၂၀၁၅)

ခိုလှုံခွင့်ရရေးအတွက် ဥရောပ နယ်စပ်တွေထံကို အလုံးအရင်းနဲ့ ဝင်ရောက် လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေ အရေး ဖြေလျှော့ပေးနိုင်ဖို့ ဥရောပ သမဂ္ဂ အနေနဲ့ ဒုက္ခသည် ၂ သိန်းကျော် တို့ကို လူစုလူဝေးလိုက် နေရာချထားပေးရေး အစီအစဉ်တခုအနေနဲ့ လက်ခံဖို့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး က တောင်းဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အကူအညီပေးရေးမှာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အားလုံတို့ ပူးပေါင်းဆောင်ရွက်ရမယ့် အစီအစဉ် တခုကို ဥရောပ သမဂ္ဂက ချမှတ် အကောင်အထည်ဖော်ပေးဖို့ ကုလ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Antonio Guterres က ဒီကနေ့ သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒုက္ခသည် အရေးဟာ ဥရောပ သမဂ္ဂ အတွက် စဉ်းစားအဖြေရှာရမယ့် ကိစ္စ ဖြစ်တယ်လို့လည်း မစ္စတာ Guterres က ပြောဆိုပါတယ်။ ဥရောပ သမဂ္ဂ အနေနဲ့ ဒီကိစ္စအပေါ်မှာ ကွဲလွဲနေကြမယ်ဆိုရင်တော့ လူမှောင်ခိုသမားတွေနဲ့ လူကုန်ကူးသူတို့ အတွက် အကျိုးအမြတ်တွေ ရှိသွားစေလိမ့်မယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။

ဆီးရီးယားက ဒုက္ခသည် ၅ ထောင်တို့ကို လက်ခံဖို့ သဘောတူထားတဲ့ ဗြိတိန်နိုင်ငံ ကလည်း နောက်ထပ် ထောင်နဲ့ချီပြီး တိုးမြှင့်လက်ခံသွားမယ်လု့ိဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကန်မရွန်းကလည်း ဒီကနေ့မှ ကြေညာလိုက်ပါတယ်။

တချိန်တည်းမှာဘဲ ဟန်ဂေရီ နိုင်ငံ Bicske (BICH keh ) မြို့မှာလည်း ရာနဲ့ချီတဲ့ ရွှေ့ပြောင်း အခြေချသူတို့က ရထားပေါ်က ဆင်းဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ သူတို့ကတော့ ဒုက္ခသည် ခိုလှုံခွင့် လျှောက်ထားမှု ၈ သိန်းကျော် လက်ခံမယ် လို့ ကြေညာထားတဲ့ ဂျာမဏီ နိုင်ငံဆီသွားရောက်ဖို့ မျှော်လင့်ချက်နဲ့ ဟန်ဂေရီ မြို့တော် Budapest ကနေ ရထားစီးခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း ရွှေ့ပြောင်းအခြေချသူတို့ကို မဖြစ်မနေ စာရင်းသွင်းရမှာ ဖြစ်တယ်လို့လည်း ဟန်ဂေရီ အာဏာပိုင်တို့က ခုခံ ပြောဆိုနေကြ ပါတယ်။ ရွှေ့ပြောင်း အခြေချသူ ၁၆ ဦးတို့ကဘဲ ဒုက္ခသည် စခန်းမှာ စာရင်းသွင်းဖို့ ရထားပေါ်ကနေ ဆင်းခဲ့ကြပြီး ကျန်တဲ့ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတို့ကတော့ ရထားပေါ်မှာ ဆက်ပြီး ရှိနေပြီး စခန်းကိုမသွားဘူး ဂျာမဏီ၊ ဂျာမဏီလို့ ကြွေးကြော်နေကြ တယ်လို့လည်း Bicske က အာဏာပိုင်တို့က ပြောပါတယ်။

စစ်ပွဲတွေနဲ့ ဆင်းရဲမွဲတေမှုတို့ကနေ လွတ်မြောက်ဖို့ ကြိုးစားကြတဲ့ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ်တို့က သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စလို့ EU နိုင်ငံတွေထံကို စွန့်စွန့်စားစား ဝင်ရောက်လာ ခဲ့ကြတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဥရောပ သမဂ္ဂကတော့ ဒုက္ခသည် အရေး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အရေးပေါ် ဆွေးနွေးကြဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG