သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းရေး အတွေ့အကြုံ ဟန်ဂေရီ သမ္မတနဲ့ ဒေါ်စု ဆွေးနွေး


ဟန်ဂေရီသမ္မတ Janos Ader,(ဝဲ) နှင့်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။
ဟန်ဂေရီသမ္မတ Janos Ader,(ဝဲ) နှင့်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဟန်ဂေရီခရီးစဉ်မှာ ဟန်ဂေရီသမ္မတ Janos Ader နဲ့တွေ့ဆုံခဲ့သလို ဟန်ဂေရီ စီးပွားရေးတက္ကသိုလ်မှာလည်း တော်လှန်ရေးမှသည် ပြန်လည်တည်ဆောက်ရေးဆီသို့ ဆိုတဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ဂေရီခရီးစဉ်နဲ့ ပတ်သက်လို့ ဟန်ဂေရီဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားတဲ့အကြောင်းကို မမေစန္ဒီက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းမှာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါဘတ်စ် မြို့တော်ကို ပိုလန်နိုင်ငံကနေတဆင့် ဆိုက်ရောက်ခဲ့ပါတယ်။ ဟန်ဂေရီ ပါလီမန်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိခဲ့တာပါ။ အဲဒီနောက် ဟန်ဂေရီသမ္မတ Janos Ader - ပါလီမန်ဥက္ကဋ္ဌတို့နဲ့ သီးခြားတွေ့ဆုံပြီး အရေးကြီးတဲ့ ပုဂ္ဂိုလ်များနဲ့အတူ နေ့လည်စာသုံးဆောင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟန်ဂေရီစီးပွားရေးတက္ကသိုလ်မှာ မိန့်ခွန်း တက်ရောက်ပြောကြားခဲ့ပါတယ်။ သူဟာ ဟန်ဂေရီသမ္မတနဲ့ တွေ့ဆုံရာမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို ဟန်ဂေရီနိုင်ငံ၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth က ရှင်းပြခဲ့ပါတယ်။

“ဟန်ဂေရီလို ကွန်မြူနစ်နိုင်ငံဟောင်း ဥရောပနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေကို ခေါင်းဆောင်နှစ်ဦးတို့ ဆွေးနွေးကြပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ဘယ်လိုကူးပြောင်းကြသလဲ ဆိုတာတွေပါ။ ဒီအခြေအနေတွေဟာ ဥရောပအလယ်ပိုင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံတို့ကို အတော်နီးကပ်စေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ဒီလိုအတွေ့အကြုံမျိုးတွေ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခွင့်ရတဲ့အတွက်လည်း ကျနော်တို့ ဝမ်းသာပါတယ်။ သူမရဲ့ ကြိုးပမ်းမှုတွေအတွက် ဥရောပ အထူးသဖြင့် ဥရောပအလယ်ပိုင်းနိုင်ငံတွေရဲ့ အကူအညီကို ကမ်းလှမ်းခွင့်ရလို့လည်း ဝမ်းသာပါတယ်။ ဒီအသွင်ကူးပြောင်းရေးတွေဟာ နောက်ပြန်မလှည့်နိုင်တဲ့အဆင့်ကို မကျော်လွန်နိုင်သေးဘူးလို့ သူမထောက်ပြတာကိုလည်း ကျနော်တို့ သဘောတူပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကိုလည်း ပြောဆိုကြပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြပါတယ်။”

ဟန်ဂေရီစီးပွားရေးတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ “တော်လှန်ရေးမှသည် ပြန်လည်ထူထောင်ရေးဆီသို့” - ဆိုတဲ့ မိန့်ခွန်းကိုလည်း ဒုတိယဝန်ကြီး Nemeth က တက်ရောက် နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
“သူဟောပြောတဲ့ခေါင်းစဉ်က ‘From Revolution to Reconstruction’ ဖြစ်ပါတယ်။ မြန်မာပြည်အရေးကို လွန်ခဲ့တဲ့ ၂၅ နှစ်တာ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အဆင့်တစ်ရပ်ဖြစ်တယ်လို့ သူက ယူဆထားပါတယ်။ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး သဘောတူညီမှုရအောင် ညှိနှိုင်းနိုင်ကြမယ် ဆိုရင် ဒီအဆင့်ဟာ အရေးပါတဲ့အဆင့်တစ်ရပ်ပဲလို့ ဆိုပါတယ်။ ဒီလို ဖွဲ့စည်းပုံကိစ္စ ပြေလည်မှုရရင် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တကယ့် ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာကျော် အကြမ်းမဖက်ရေး Non-Violence ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့လည်း ဟန်ဂေရီ ဒုတိယဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

“သိပ်ကို ဂုဏ်ယူပါတယ်။ သူမဟာ ထူးချွန်ပြောင်မြောက်တဲ့သူပါ။ သူမရဲ့ အကြမ်းမဖက်လမ်းစဉ်ဟာ ကမ္ဘာအနှံ့ ကျယ်ပြန့်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မာတင်လူသာကင်းတို့၊ အိန္ဒိယနိုင်ငံက မဟတ္တမဂန္တီတို့လို ပုဂ္ဂိုလ်ပါ။ သူမကို ဒီ ဟန်ဂေရီနိုင်ငံကို ဖိတ်ခေါ်ပြီး သူမရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျနော်တို့ အထူး ဝမ်းသာပါတယ်။”

ဟန်ဂေရီ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth ဗွီအိုအေ မြန်မာပိုင်းကို ရှင်းလင်းပြောကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ချက်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG