သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန်ဂေရီ အဆိပ်သင့်ရွှံ့ရေ ဒနုဘ်မြစ်ထဲ စီးဝင်


ဟန်ဂေရီ အဆိပ်သင့်ရွှံ့ရေ ဒနုဘ်မြစ်ထဲ စီးဝင်

ဟန်ဂေရီနိုင်ငံ အတွင်းမှာရှိတဲ့ အဆိပ်သင့် ရေလှောင်ကန် ကျိုးပေါက်ရာက ဖြစ်ပေါ်လာတဲ့ အဆိပ်သင့် ရွံ့ရေတွေဟာ ဒနုဘ် (Danube) မြစ်အထိ ရောက်လာပြီမို့ မြစ်ကျောတလျှောက်မှာရှိတဲ့ အပင်နဲ့ သဘာဝ ပတ်ဝန်းကျင် လိုက်လျောညီထွေ ရှိမှုကို ခြိမ်းခြောက်လာနေပါတယ်။

ဒီအဆိပ်သင့် ရွံ့ရေတွေဟာ Black Sea လို့ခေါ်တဲ့ ပင်လယ်နက်ကို မရောက်ခင် ခရိုအေးရှား၊ ဆားဘီးယား၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ယူကရိန်းနဲ့ မော်လ်ဒိုဗာ နိုင်ငံတွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

ဟန်ဂေရီနိုင်ငံ အပ်ဂ်ျကာ (Ajka) မှာရှိတဲ့ စက်ရုံက ဧရာမ ရေလှောင်ကန်ကြီး တနင်္လာနေ့က ကျိုးပေါက်ပြီး လူနေအိမ်ခြေတွေထဲ ရေကြီး ရေလျှံ ဖြစ်ခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးပြီး ၁၂၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အဆိပ်သင့်နေတဲ့ ရွံ့ရေ ကုဗတန်ချိန် ၁,၀၀၀,၀၀၀ လောက် ကိုလွန်တာ (Kolontar) ရွာထဲ ဒလဟော ပေါက်ကျလာပြီး တခြားဒေသတွေကိုပါ ကူးစက်ကုန်တဲ့အတွက် တိရစ္ဆာန်တွေ သေဆုံးပြီး စိုက်ခင်းတွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

ဒီအဆိပ်သင့်ရွံ့ရေတွေကို သန့်ရှင်းဖို့အတွက် နှစ်နဲ့ချီ ကြာနိုင်တယ်လို့ ဟန်ဂေရီ သဘာဝ ပတ်ဝန်းကျင်ရေးရာ ၀န်ကြီး ဇိုလ်တန် အီးလက်စ် (Zoltan Illes) က ပြောပါတယ်။

XS
SM
MD
LG