သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲတမ်းနဲ့ ဒုက္ခသည်လက်ခံရေး အီးယူအစီအစဉ် ဟန်ဂေရီပြည်သူတွေ ပယ်ချ


 တနင်္ဂနွေနေ့က ဟန်ဂေရီ လူထုဆန္ဒခံယူပွဲတွင်မဲပေးစဉ်
တနင်္ဂနွေနေ့က ဟန်ဂေရီ လူထုဆန္ဒခံယူပွဲတွင်မဲပေးစဉ်

ရွှေ့ပြောင်းဒုက္ခသည်တွေကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အချိုးကျ ခွဲဝေလက်ခံရေးနဲ့ ပါတ်သက်ပြီး ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban အစိုးရက တနင်္ဂနွေနေ့မှာ လူထုဆန္ဒခံယူခဲ့ရာမှာ ဟန်ဂေရီနိုင်ငံသား အများစုက ကန့်ကွက်ခဲ့ကြပါတယ်။

မဲစုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်း ကိုရေတွက်ခဲ့ရာမှာ မဲပေးသူအားလုံးရဲ့ ၉၈ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြတယ်လု့ိ ဟန်ဂေရီ အမျိုးသား ရွေးကောက်ပွဲဆိုင်ရာ ဌာနရဲ့ website စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း အခု မဲတွေဟာ တရားမဝင်မဲတွေ ဖြစ်သွားနိုင်ချေလည်း ရှိနေပါတယ်။

ဒီမဲပေးမှု တရားဝင်ဖြစ်ဖို့ အတွက် မဲလာထည့်သူက မဲပေးခွင့်ရှိသူအားလုံးရဲ့ ၅၀ ရာခိုင်နှုန်း နဲ့ တယောက်ပိုဖို့ လိုအပ်ပါတယ်။

အခု ဟန်ဂေရီစံတော်ချိန် ညနေ ၅ နာရီခွဲအထိ မဲလာပေးသူက ၄၀ % ပဲ ရှိနေတယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ ဌာနက ပြောပါတယ်။ လာရောက်မဲပေးသူ အရေအတွက်ဟာ ၄၆ % ထက် မပိုနိုင်ဘူးလို့ Political Capital သုတေသန ဌာနနဲ့ အတိုင်ပင်ခံ သိပ္ပံက သုတေသန ပညာရှင်တွေက ရထားတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး တွက်ချက်ကြပါတယ်။

ဒါပေမယ့်လည်း တရားဝင်သည်ဖြစ်စေ မဝင်သည် ဖြစ်စေ၊ ဒီမဲရလဒ်တွေဟာ ဟန်ဂေရီအတွက် ဒါမှမဟုတ် အီးယူအတွက် မရှိမဖြစ် လိုအပ်တဲ့ တရားဝင် လိုအပ်ချက်တော့ မဟုတ်ပါဘူး။

ဝန်ကြီးချုပ် Orban ကတော့ ရွှေ့ပြောင်း ဒုက္ခသည် တသိန်း ခြောက်သောင်းကို ခွဲဝေလက်ခံရေးဆိုင်ရာ အီးယူ အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ ဟန်ဂေရီက နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူပေါင်း ၁၂၉၄ ဦးကို လက်ခံယူရမှာ ဖြစ်ပါတယ်။

ဟန်ဂေရီ နိုင်ငံမှာ တနင်္ဂနွေနေ့ ကျင်းပတဲ့ ဆန္ဒခံယူပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူက ၈.၃ သန်းရှိပြီး မဲရုံတွေမှာ မနက် ၆ နာရီကနေ ည ၇ နာရီအထိ မဲပေးနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG