သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်း


အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်း
အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်း

အကျဉ်းသားတိုင်း ရပိုင်ခွင့်ရှိတဲ့ လျော့ရက်ခံစားခွင့် ရရှိရေးအတွက် တောင်းဆိုတဲ့အနေနဲ့ အင်းစိန် အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်ဟာ ဆန္ဒပြခဲ့ချိန်ကစလို့ ပါဆယ်ပေးခွင့်၊ မိသားစုနဲ့ တွေ့ဆုံခွင့်တွေ ဖြတ်တောက်ခံခဲ့ရပြီး ရက်ကြာလာတာနဲ့အမျှ စစ်ခွေးတိုက်အထိ ပို့ခံခဲ့ရသလို သောက်သုံးရေပါ ဖြတ်တောက်ပြစ်တာကို ခံရပြီးတဲ့နောက်မှာ သူတို့ရဲ့ ဆန္ဒပြမှုကို နိုဝင်ဘာလ ၇ ရက်နေ့၊ တနင်္လာနေ့က အဆုံးသတ်ခဲ့ကြပါတယ်။ အကျဉ်းသားတွေရဲ့ အခွင့်အရေးရဖို့ တောင်းဆိုတဲ့ အနေနဲ့ ၁၂ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာလည် ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာက တင်ပြပေးထားပါတယ်။

ဥပဒေပါ အကျဉ်းသားအခွင့်ရေးတခုဖြစ်တဲ့ လျော့ရက်ခံစားခွင့် ရရေးအတွက် အစာငတ်ခံဆန္ဒပြနေတဲ့ အင်စိန်ထောင် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဟာ အာဏာပိုင်တွေရဲ ရေဖြတ်ခြင်း၊ စစ်ခွေးတိုက် ပို့ဆောင်ခြင်းတွေ ခံရပြီးတဲ့နောက်မှာတော့ နိုဝင်ဘာလ ၇ ရက်နေက သူတို့ရဲဆန္ဒပြမူကို အဆုံးသတ်ခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေသူ တဦးကပြောပြပါတယ်။

"နောက်ဆုံး သပိတ်လှန်ခဲ့တာကတော့ ဉာဏ်ထွန်းလင်း (ခေါ်) ဉာဏ်ကြီး။ နောက်ဆုံးအချိန်ထိ သူ တိုက်ထဲမှာ တယောက်ထဲ ကျန်နေတယ်လို့ ပြောတယ်၊ စစ်ခွေးတိုက်က။ အခုတော့ သူလည်း ပြီးသွားပြီတဲ့။ အရှုံးနဲ့ အဆုံးသတ်သွားတာပေါ့။"

နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက်က တခုတည်းဖြစ်ပေမဲ့ အာဏာပိုင်တွေဘက်က လိုက်လျောပေးနိုင်ခြင်း မရှိခဲ့ကြောင်းတွေကိုလည်း ပြောပြပါတယ်။

"တောင်းဆိုချက်က တခုထဲတောင်းတာလဲ မရပါဘူး။ အဲဒါက သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။ အားလုံး အကျဉ်းထောင် ဥပဒေအရ ခံစားခွင့် ရှိထားတဲ့၊ အရင်ကလည်း ရခဲ့တဲ့ လျော့ရက်။ လျော့ရက်က သုံးပုံ တပုံထက်မကျော်တဲ့ လျော့ရက်ကို အကျဉ်းသားအားလုံး ရခွင့်ရှိတယ်လေ။ အားလုံးကိုလည်း ပေးနေတယ်။ ဒါပေမယ့် အခုက ၁၉၉၈ က နောက်ဆုံး ပြဌာန်းချက်အရ အဲဒီ သုံးပုံတပုံ လျော့ရက်ကို နိုင်ငံရေး အကျဉ်းသား လုံး၀ မရရတော့ဘူး။ အဲဒါကို ပြန်ရဖို့ တောင်းတာတဲ့။

ဥပဒေနဲ့အညီ တောင်းတာတော့ မှန်တယ်။ သူတို့တောင်းတာ ဥပဒေထဲက တောင်းသင့်တဲ့ကိစ္စပါ။ ဒါပေမယ့်လို့ အရင်ကလောက် အစားအသောက်လောက်၊ အဝတ်အထည်လောက်ကိုတော့ သူတို့ ဆောင်ရွက်ပေးလိုက်တယ်။ အခု အဲဒါကြီးကတော့ သူတို့ မဆောင်ရွက်နိုင်တော့ဘူး။ တဖက်ကလည်း ဒီဖက်က ဖိဘားပေးသလို လွှတ်တော်ထဲမှာ ဆွေးနွေးမှ ဘောင်ပိုဝင်မယ့် ကိစ္စဖြစ်သွားတာ။ အဲဒါကြောင့် သူတို့ကို ဟိုရွှေ့ ဒီရွှေ့၊ ဟိုဖြတ် ဒီဖြတ် ဖြတ်ပြီးတော့ နှိပ်စက်တာပေါ့။"

နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ ၁၀ ရက်ကျော်ကြာ အစာငတ်ခံဆန္ဒပြပြီး နောက်တချို့လည်း ထောင်ဆေးရုံ ရောက်သွားသူရှိသလို တချိုလည်း အားပြတ်တာတွေကို ဖြစ်ခဲ့ရပါတယ်။
သူတိုအနေနဲ့ အစာငတ်ခံ ဆန္ဒပြမူကို ရပ်တန့်လိုက်တာဟာလည်း အစကတည်းက အကန့် အသတ်နဲ့သာလုပ်ဖို့ ရည်ရွယ်ခဲ့ပြီး အသေခံလုပ်ဖို့တော့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။

"သူတို့မှာလည်း ကျနော်ကြားသလောက်က အကန့်အသတ်တော့ ရှိတယ်ဗျ။ သူတို့ သေတဲ့အထိ လုပ်မှာ မဟုတ်ဘူးလေ။ ဒါကို သေတဲ့အထိ အစာငတ်ဖို့ အစီအစဉ် မရှိပါဘူး သူတို့။ တိုက်ပွဲခေါ်တယ်ဆိုတဲ့ အနေအထားလောက်ကို ဖော်ပြတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ အတွေ့အကြုံ ရှိတယ်လေ။ ပထမတကြိမ်လုပ်တုန်းကလည်း ဒီအုပ်စုဘဲ ခေါင်းဆောင်ပြီး လုပ်တာ။"

သူတိုရဲ့ဆန္ဒပြမူတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ကစခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေမှာ နောက်ဆုံး ဆန္ဒပြမူကို ရပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်တုန်းကလည်း အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေက သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဦးဆုံးအကြိမ် လွတ်ငြိမ်းချမ်းသားခွင့််ကို မကျေနပ်ရာက စလို့ စတင် ဆန္ဒပြကြပါတယ်။

မေလ ၂၃ ရက်မှာတော့ အင်းစိန်ထောင် အမျိုးသားဆောင်က အစာငတ်ခံဆန္ဒပြမူတွေ လုပ်တုန်းကလည်း အခုဆန္ဒပြသူတွေပဲ ဦးဆောင်ခဲ့တာပါ။ အဲဒီတုန်းကလည်း သူတို့တောင်းဆိုတာက အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကိုဘဲ တောင်းဆိုခဲ့တာပါ။

မေလ ၂၄ ရက်မှတော့ အင်းစိန်က ဆန္ဒပြသူ အနည်းဆုံး ၆ ဦးထက်မနည်းကို စစ်ခွေးတိုက်ပို့ဆောင်ခဲ့ပြီး ထောင်ဝင်စာတွေ့ခွင့်တွေ ပိတ်ပင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူတိုတောင်းဆိုတာကလည်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင်ရေးတွေကိုပဲ တောင်းဆိုခဲ့တာပါ။

နောက်ဆုံးမှာတော့ ေနေပြည်တော်က စုံစမ်းရေးအဖွဲ့တွေ လာရောက်စစ်ဆေးပြီးနောက် အကျဉ်းသားတွေ တောင်းဆိုချက်တွေထဲက အတော်များများ ရခဲ့တာကြောင့် ဆန္ဒပြမူတွေကို ရုပ်သိမ်းခဲ့ပါတယ်။

အခု နိုဝင်ဘာလ ၈ ရက်နေ့ကတော့ နိုင်ငံရေးအကျဉ်းသားတချို့ အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာကို မြန်မာ အာဏာပိုင်တွေကဖက်က သောက်သုံးရေပါ ဖြတ်ပြီး နှိပ်စက်မှုတွေ လုပ်တဲ့အတွက် စိုးရိမ်ပူပန်မှု ဖြစ်မိပါတယ်ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ကာအကွယ်ပေးဖို့နဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ထောင်တွင်းမှာ သွားရောက် ကူညီခွင့်ပြုဖို့လည်း မြန်မာ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG