သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် အရှေ့တောင်ပိုင်းမှာ ၀င်ရောက် တိုက်ခိုက်နေဆဲ ဖြစ်တဲ့ အပူပိုင်း မုန်တိုင်း Harvey ကြောင့် မနေ့ စနေနေ့က တဦး ထပ်မံ သေဆုံးခဲ့တာကြောင့် သေဆုံးသူ ၂ ဦး ရှိသွားပြီ ဖြစ်ပြီး ရေကြီး ရေလွှမ်းမိုးမှုတွေနဲ့ လေဆင်နှာမောင်း ကျရောက်တာတွေကြောင့် ဒေသခံတွေ အတွက် အန္တရာယ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒုတိယမြောက် သေဆုံးသူကတော့ အမျိုးသမီး တဦး ဖြစ်ပြီး Houston မြို့ အနောက်ပိုင်းမှာ ရေကြီးနေတဲ့လမ်းမပေါ်ကို ကားထဲကနေဆင်းခဲ့ပုံရတယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညတုန်းကလည်း Rockport မြို့က အိမ်တလုံး မီးလောင်မှုမှာ တဦး သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ ညနေခင်းပိုင်းက စလို့ Houston မြို့တွင်းမှာ အနည်းဆုံး လေဆင်နှာမောင်း ၇ လုံးကျရောက်ခဲ့တယ်လို့ အမျိုးသား ရာသီဥတု ဌာနက အတည်ပြုထားပါတယ်။ တက္ကဆက်မြို့ ဆိပ်ကမ်းကိုတော့ အပျက်အစီးတွေကို ကောက်ယူအပြီး ၂၄ နာရီနဲ့ ၄၈ နာရီ အတွင်း ပြန်ဖွင့်နိုင်မယ်လို့ ခန့်မှန်းကြောင်းပြောဆိုထားပါတယ်။

မုန်တိုင်း စပြီးချဉ်းကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ဆိပ်ကမ်းကို ပိတ်ထားခဲ့တာပါ။ မုန်တိုင်း Harvey ကြောင့် ၂ ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး ၁၄ ဦးထိခိုက်ဒဏ်ရာရထားပါတယ်။ Corpus Christi နဲ့ Houston မြို့တို့ကြားက ဧရိယာတွင်းက ဒေသခံတွေကတော့ သေဆုံးထိခိုက်မှုတွေ တိုးလာမယ့် အရေးအပေါ် စိုးရိမ်နေကြပါတယ်။ မုန်တိုင်းဒဏ်ခံထားရသူတွေ ထပ်ပြီး တွေ့ရဦးမယ်လို့လည်း တက္ကဆက် အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ကမ်းရိုးတန်းတလျှောက်က ဒေသတွေမှာ အပြင်းအထန် မိုးရွာနေဆဲဖြစ်တာမို့ ဆိုးဆိုး ရွားရွား ရေကြီးမယ့်အရေးက အဓိကစိုးရိမ် ချက်တခုအဖြစ် ရှိနေတုန်းပဲလို့ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbot က စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဆယ်စုနှစ် တခုကျော်အတွင်း အမေရိကန် ပြည်ထောင်စုကို အပြင်းထန်ဆုံး ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း Harvey က တနာရီကို လေတိုက်နှုန်း ၂၀၉ ကီလိုမီတာနဲ့ ကုန်းတွင်းကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG