သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ရင်းန်မုန်တိုင်း နယူးယောက်မြို့ကို ဝင်ပြီး အားလျော့


အိုင်ရင်းန်မုန်တိုင်း နယူးယောက်မြို့ကို ဝင်ပြီး အားလျော့
အိုင်ရင်းန်မုန်တိုင်း နယူးယောက်မြို့ကို ဝင်ပြီး အားလျော့

အမေရိကန်နိုင်ငံ အရှေ့ဘက်ခြမ်း တလျှောက်လုံးကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အိုင်ရင်းန် (Hurricane Irene) ဟာ အင်အားပျော့ပြောင်းတဲ့ မုတ်သုံမုန်တိုင်းအဖြစ် ပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ နယူးယောက်မြို့ကို ဖြတ်သွားတဲ့ အချိန်မှာတော့ မိုးသည်းပြီး အင်အားပြင်းတဲ့ မုန်တိုင်းတခု အဖြစ်နဲ့ ဖြတ်သွားခဲ့ပါတယ်။

မုန်တိုင်း စတင်ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ စနေနေ့ အစောပိုင်းတုန်းကတော့ မြောက်ကာရိုလိုင်းနား (North Carolina) ပြည်နယ်ထဲကို တနာရီ မိုင် ၈၀ ကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့အတွက် သစ်ပင်တွေကြိုးကျ၊ လျှပ်စစ်မီးတွေ ပြတ်တောက် ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၈ ဦး သေဆုံးခဲ့သလို ကုန်းကြောင်း၊ လေကြောင်း ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ မိုးရွာပြီး မြေကြီးတွေ ပျော့နေရာက လဲကျလာတဲ့ သစ်ပင်တွေ ပိမိပြီး သေဆုံးကြတာ များတယ်လို့ ဆိုပါတယ်။

ဟာရီကိန်း အိုင်ရင်းန်ဟာ နယူးယောက်မြို့ကို ဝင်ရောက် တိုက်ခတ်တဲ့ အချိန်မှာ အင်အားပြင်းပြီး တနာရီ မိုင် ၇၀ နှုန်းလောက် ရှိမယ်လို့ အမျိုးသား ဟာရီကိန်း လေ့လာစောင့်ကြည့်ရေး ဌာနက ခန့်မှန်းထားခဲ့တာပါ။ နယူးယောက်မြို့မှာရှိတဲ့ မိုးမျှော် အဆောက်အဦးတွေဟာလည်း အောက်ထပ်တွေထက် အပေါ်ထပ်က မုန်တိုင်းဒဏ်ကို ပိုခံရနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

မုန်တိုင်းနဲ့ ပါလာတဲ့ မိုးဒဏ်ကြောင့် နယူးယောက်မြို့ အတွင်းကိုလည်း ရေတွေ ၂ လက်မခွဲလောက်အထိ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် မန်ဟက်တန်အတွင်း ရေကြီးပြီး လူတွေ အတော်လေး ဒုက္ခရောက်နိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် နယူးယောက်မြို့က မြေအောက် မြို့ပတ်ရထားလမ်းတွေလည်း မနေ့ကတည်းက ပိတ်ထားခဲ့ရပြီး ဖြစ်ပါတယ်။

နယူးဂျာစီ (New Jersey) ပြည်နယ်အတွင်းက ကမ်းရိုးတန်းဒေသ တလျှောက်မှာလည်း ရေကြီးနိုင်တဲ့အတွက် အဲဒီဒေသမှာ ရှိတဲ့သူတွေကို ပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်စ် ခရစ်စ်တီး (Chris Christie) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG