သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် အမှု စစ်ဆေးခွင့် ICC ရှေ့နေတောင်းဆို


မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ICC ခေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံးက ဇူလိုင်လ ၄ ရက်နေ့မှာ သတင်း တစ်ရပ် ထုတ်ပြန်ခဲ့ရာမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြားက အခြေအနေနဲ့ ပတ်သက်ပြီး ICC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နိုင်ဖို့ အတွက် ဥပဒေ အခွင့်အာဏာ ပေးအပ်ဖို့ ICC ရှေ့နေ Fatou Bensouda က ICC တရားသူကြီးတွေထံ တောင်းဆိုခဲ့ကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။ ဒီလို တောင်းဆိုခဲ့ပြီးတဲ့နောက် ICC ရှေ့လှမ်းလာမယ့် ခြေလှမ်းနဲ့ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ဘယ်လို ရှိနိုင် မလဲဆိုတာကို Asian Human Rights Council က ရှေ့နေ ဦးမင်းလွင်ဦး ကို ကိုရဲမင်းထွန်းက မေးမြန်းတင်ဆက်ထားပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေအနေကို ICC က စတင် စစ်ဆေးနိုင်ဖို့အတွက် ICC ရှေ့နေ Fatou Bensouda က ICC တရားသူကြီးတွေထံ ဥပဒေ အခွင့် အာဏာ တောင်းဆိုခဲ့ကြောင်း ICC ရဲ့ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ပါရှိခဲ့ပါတယ်။ တိတိကျကျ ပြောရရင်တော့ Rome Statute ရဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းနဲ့ စာချုပ် အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုအဖြစ် စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို ICC က စတင် စစ်ဆေးနိုင်ဖို့ ICC တရားသူကြီးတွေဆီကနေ ဥပဒေ အခွင့်အာဏာ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာ ဇူလိုင် ၄ ရက်နေ့က ICC ရှေ့နေ Fatou Bensouda က အခုလို ပြောပါတယ်။

“အနည်းဆုံး ရိုဟင်ဂျာ ၇ သိန်း ဟာ နာကျင် ခံစားရတာတွေ နစ်နာမှှုတွေ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်ခံခဲ့ရတယ်ဆိုတဲ့ ယုတ္တိတန်တဲ့ အခြေခံ အချက်တွေ ရှိနေတယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။”

ICC ရဲ့ လုပ်ဆောင်ချက် ဘယ်အတိုင်းအတာအထိ ရောက်ရှိနေသလဲ ဆိုတာနဲ့ ပတ်သက်ပြီး Asian Human Rights Council က ရှေ့နေ ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။

“နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တင်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့အတွက်ကို ဥပဒေပိုင်းဆိုင်ရာ အခွင့်အာဏာတောင်းဆိုတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေတော့ နည်းတယ်လို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအစိုးရကိုယ်တိုင်က အခင်းဖြစ်ပွားတဲ့ နေရာဒေသတွေကို ဒီစုံစမ်းစစ်ဆေးရေး ဘယ်သူလာလာပေါ့လေ ခွင့်ပြုမယ့်အလားအလာမရှိဘူးလို့ ကျနော်တို့ သိရတယ်။”

ICC ရဲ့ အခြေခံ Rome Statute လို့ခေါ်တဲ့ နိုင်ငံတကာ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ စာချုပ်ဝင်နိုင်ငံ ဖြစ်ပါတယ်။ စာချုပ်ဝင် မဟုတ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးမှုအပေါ် ငြင်းဆန်နိုင်တယ်လို့ လည်း ဆိုပါတယ်။ တရားစွဲဆိုမှုတွေ မပြုလုပ်ခင် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ရမှာဖြစ်ပြီး စုံစမ်း စစ်ဆေးမှုတွေမလုပ်နိုင်ရင် တရားစွဲဆိုဖို့ ခက်ခဲကြောင်းကိုလည်း ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ လက်မှတ်ရေးထိုးထားတာဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စုံစမ်းစစ်ဆေးတယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံရမယ်။ မြန်မာနိုင်ငံကတော့ ICC အဖွဲ့ဝင်နိုင်ငံ လည်းမဟုတ်ဘူး Rome Statute ကိုလည်း လက်မှတ်ရေးမထိုးထားဘူး။ နောက်ပြီးတော့ တခါ နိုင်ငံသားနဲ့ အခွင့်အရေးဆိုင်ရာ စာချုပ်ကိုလည်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတာမရှိတဲ့အတွက် ဒီလိုစုံစမ်းစစ်ဆေးမှုကို အလွယ်တကူနဲ့တော့ စုံစမ်းစစ်ဆေးခွင့်ပြုလိမ့်မယ်လို့တော့ ကျနော်ကတော့ မထင်ပါဘူးခင်ဗျ။”

ICC က Pre-trial chamber လို့ ခေါ်တဲ့ တရားစွဲဆိုမှု မပြုလုပ်မီမှာ စုံစမ်းစစ်းပြီး အချက်အလက်တွေ တောင်းခံဖို့ အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းခဲ့တာမှာ အချုပ်အခြာ အာဏာကို ထိခိုက်တယ်ဆိုတဲ့ အနေအထားနဲ့ မြန်မာ အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတယ်လို့ ဆိုပါတယ်။ အခုလို ICC ရဲ့ နောက်ထပ် ခြေလှမ်းတစ်ရပ်ဖြစ်တဲ့ စုံစမ်း စစ်ဆေးဖို့ အခွင့်အာဏာ တောင်းခံတာနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံတကာ မျက်နှာစာမှာ ဒီအနောက်ဘက်ခြမ်းကိစ္စနဲ့ ပတ်သက်လို့ အခုအရင်တုန်းက ဘင်္ဂါလီကိစ္စဖြစ်တယ် အခုတခါ AA ကိစ္စထပ်ဖြစ်တဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက် ပေါ်ပေါက်လာတဲ့ ကိစ္စမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ အစိုးရတရပ်အနေနဲ့ နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ အခါကျတော့ ဒီကိစ္စရပ်က ၁ အချက် အချုပ်အခြာ အာဏာနဲ့ ပတ်သက်တယ်။ ၂ အချက် မြန်မာနိုင်ငံမှာ ရှိတဲ့ တပ်မတော်ကနေပြီးတော့ ဒါကို စဉ်ဆက်မပျက် ကန့်ကွက်လာတာလည်းဖြစ်တယ်။ အဲဒီတော့ မြန်မာအစိုးရအနေနဲ့ ဘယ်လောက်ပဲ ပူးပေါင်းချင်တယ်ပဲဆိုဆို မဖြစ်နိုင်ဘူးလို့ ကျနော်ကမြင်တယ်လေ။”

ICC က အပြစ်ချမှတ်ထားတဲ့ အာဖရိကနိုင်ငံက ခေါင်းဆောင်တွေလိုမျိုးကို စာချုပ်အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေ အတွင်း ဖမ်းဆီး စစ်ဆေးနိုင်တဲ့ အခွင့်အာဏာ ရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဦးမင်းလွင်ဦးက အခုလို ဆွေးနွေးခဲ့ပါတယ်။

“ ဒီလိုမျိုးကတော့ Pinochet တုန်းကတော့ လန်ဒန်မှာ ဆေးကုဖို့ရောက်လာတဲ့အချိန်မှာ ဖမ်းတဲ့ကိစ္စတွေရှိတယ်။ အခု ICC က ပစ်မှတ်ထားတာလည်း တပ်မတော် ခေါင်းဆောင်ပိုင်းကို အဓိကထားတာဖြစ်တယ်။ Rome Statute ကိုလက်မှတ်ထိုးထားတဲ့နိုင်ငံတနိုင်ငံကို တပ်မတော် အရာရှိပိုင်းက သွားတယ်ဆိုရင်တော့ ဖမ်းဆီးဖို့ ဖြစ်တော့ဖြစ်နိုင်တာပေါ့နော်။ ဒါပေမယ့် မြန်မာနိုင်ငံ တပ်မတော် အရာရှိတွေကလည်း အဲဒါတွေကို ကြိုသိတဲ့အတွက်ကြောင့် သွားလိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး။”

ICC ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက Rome Statute စာချုပ်အဖွဲ့ဝင် မဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက စာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ICC တရားသူကြီးတွေကသာ အခု တောင်းဆိုထားတဲ့ အခွင့်အာဏာကို ပေးအပ်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ခြေရှိတဲ့ ရာဇဝတ်မှုတွေကို မစစ်ဆေးနိုင်သော်ငြားလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ ရာဇဝတ်မှုကို အမှုတည် စစ်ဆေးပြီး တရားစွဲဆို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြ ပါရှိကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG