သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC တောင်းဆိုချက် မြန်မာအစိုးရပယ်ချ


ICC ရှေ့နေချုပ် Fatou Bensouda သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပနေစဉ်
ICC ရှေ့နေချုပ် Fatou Bensouda သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပနေစဉ်

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) ကို တင်ပြချက်ကို မြန်မာအစိုးရက ရှေ့လနှောင်းပိုင်း နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောကြား လိုက်ပေမဲ့ မြန်မာအစိုးရကတော့ လက်ခံမှာမဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ICC ရဲ့ စုံစမ်းမှုတွေကို ရှောင်ရှားဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ စွပ်စွဲချက်တွေကို ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ဖြေရှင်းဖို့ လိုတယ်လို့ ထောက်ပြနေကြတာပါ။ အပြည့်အစုံ ကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးခွင့်ရရေး ICC ရှေ့နေချုပ် Fatou Bensouda က ဧပြီလထဲ တင်ပြထားတာကို မြန်မာအစိုးရဘက်က ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား တုံ့ပြန်ဖို့ မနေ့တုန်းကပဲ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ICC ရှေ့နေချုပ်ရဲ့ ကြိုးပမ်းမှုအပေါ် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရကြောင်းနဲ့ မြန်မာနိုင်ငံလို အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံအပေါ် စီရင်ပိုင်ခွင့် မရှိကြောင်း မြန်မာအစိုးရက အစောပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။ အခုနောက်ဆုံးရက် သတ်မှတ် လိုက်ပေမဲ့လည်း မြန်မာအစိုးရအနေနဲ့ ရပ်တည်ချက် အပြောင်းအလဲမရှိသလို ICC ရဲ့ ကြိုးပမ်းမှုကိုလည်း လက်ခံနိုင်မှာ မဟုတ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဗွီအိုအေကို အခုလိုပြောပါတယ်။

“ICC ကို ကျနော်တို့က response ကို လုပ်စရာမလိုဘူး။ ”ဘယ်လို သဘောထားလဲ-ပြောစရာမလိုဘူး။ ဘာလို့တုန်းဆိုတော့ ICC နဲ့ မြန်မာနဲ့ လုံးဝ ဘာမှမဆိုင်ဘူး။ နောက်တခုပြောချင်တာက အဲလိုမျျိုး နိုင်ငံတကာ ပဋိဉာဉ်တွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေ၊ နိုင်ငံတကာ စာချုပ်စာတမ်းတွေ၊ လုပ်ထုံးလုပ်နည်းမရှိဘူးတဲ့၊ လုပ်ရိုးလုပ်စဉ်မရှိဘူးတဲ့၊ သမိုင်းကြောင်းတလျှောက် ဘယ်နိုင်ငံမှာမှ မလုပ်ဘူးတဲ့ဟာမျိုးနဲ့ မြန်မာနိုင်ငံကိုလာလုပ်တာ တရားသလား- ကျနော်တို့က မေးချင်တယ်။ မြန်မာနိုင်ငံက သူများရဲ့လက်အောက်ခံနိုင်ငံမဟုတ်ဘူး။ အချုပ်အခြာအာဏာပိုင်တဲ့ လွတ်လပ်တဲ့နိုင်ငံဆိုတာကို ကျနော်တို့က ပြောချင်တယ်။ ICC အပါအဝင် ICC ကရော …အဲဒီ ဆောင်ရွက်ချက်တွေ ဝင်လုပ်နေတဲ့နိုင်ငံတွေကိုလည်း ကျနော်တို့က ပြောချင်တယ်။ မြန်မာနိုင်ငံက လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်တယ်။ ကျနော်တို့က နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာတယ်။ နိုင်ငံတကာကလည်း လိုက်နာဖို့လိုတယ်။ ICC အပါအဝင် …….နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို ဒီလိုပုံစံမျိုး လိုသလို လုပ်လို့ရမယ်ဆိုတဲ့ပုံစံမျိုး ထင်ရင်တော့ မှားသွားမယ်လို့ ကျနော်က ပြောချင်တယ်။”

Equality Myanmar ခေါ် လူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာဦးအောင်မျိုးမင်းက လက်ရှိ တောင်းဆိုလာတဲ့ အခြေအနေအပေါ် အခုလို သုံးသပ်ပြောဆိုပါ တယ်။

“အခုလုပ်ဆောင်နေတာ ကြည့်မယ်ဆိုရင် ICC မှာ တင်နိုင်တဲ့ နည်းလမ်း ၃လမ်းထဲက ၂ နည်းနဲ့ တင်ဖို့ ကြိုးပမ်းနေတဲ့ သဘောမျိုးဖြစ်တယ်။ အခု ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ကနေ အမှုအရာရှိကို ဒီကိစ္စတွေဖြစ်နေတယ်။ ဒီကိစ္စတွေ စုံစမ်းပေးပါလို့ ပြောလို့ရှိရင် အမှုအရာရှိက အဲဒါကို မြန်မာနိုင်ငံကို လှမ်းပြီးတော့ အချက်အလက်တွေ တောင်းတာရှိပါတယ်။ တကယ်လို့ တောင်းခံမှုကို ပူးပေါင်းဆောင်ရွက်မှုမရှိလို့ ရှိရင်လည်း ပြဿနာက ဘာလဲဆိုတော့ ဒါက ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ အချက်အလက်အထောက်အထားတွေက ခိုင်မာတယ်ဆိုပြီး ပိုဖြစ်သွားနိုင်တဲ့သဘောရှိတယ်။ အဲတော့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို မဖြစ်ဘူးဆို ငြင်းနေတာမျိုးမဟုတ်ဘဲ သက်သေအထောက်အထားနဲ့ ပြန်လည်ရှင်းပြဖို့ လိုအပ်တယ်။”

မြန်မာနိုင်ငံအပေါ် ဆောင်ရွက်နိုင်တဲ့ အခြားနည်းလမ်းတခုကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC က ICC ခေါ် နိုင်ငံတကာ ပြစ်မှုခုံရုံးကို လွဲှပြောင်းပေးတဲ့နည်းဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ တောင်းဆိုထားတာကို ဖြေရှင်းနိုင်ရေးအတွက်လည်း ဦးအောင်မျိုးမင်းက အခုလို အကြံပြု ပြောဆိုပါတယ်။

“ဖြေရှင်းမှုတွေ ပူးပေါင်းနဲ့ဖြေရှင်းနိုင်တဲ့ ခိုင်လုံမှုမရှိရင်တော့ ဒါက နိုင်ငံပေါ်မှာ ရှေ့ဆက်ပြီး ICC လမ်းကြောင်းပေါ် ဆက်သွားဖို့အတွက် အခြေအနေ ပိုများ သွားနိုင်ပါတယ်။ အဲတော့ မရှိဘူး၊ မဖြစ်ဘူးဆိုပြီး ငြင်းနေလို့တော့ မရတော့ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ သက်သေနဲ့ လုပ်ရမယ့် ကိစ္စမျိုးဖြစ်တယ်။ နောက် တခါမှာ စုံစမ်းစစ်ဆေးမှုတွေ ခွင့်ပြုပြီးတော့ လုပ်ဆောင်ရမယ့် အနေအထားမျိုးဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက် ပါတယ်ဆိုတဲ့ လေသံမျိုး မကဘဲနဲ့ အမှန်တကယ် ဖော်ဆောင်နိုင်သော လက်တွေ့ ပူးပေါင်းမှုတွေ ခွင့်ပြုမှုတွေ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဆောင်မှုက အကောင်းဆုံး နည်းလမ်း ဖြစ်မယ်လို့ ယူဆပါတယ်။”

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအခင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က လူ ၇ သိန်းလောက် ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ဒီလို ထွက်ပြေးရတာဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ကြောင်း စွပ်စွဲ ထား သလို ကုသမဂ္ဂလုံခြုံရေးကောင်စီကလည်း စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆို ထားတာဖြစ်ပါတယ်။

မနေ့တုန်းက ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ခရစ္စတင်း ရှာရနာ ဘာဂျင်နာ ကလည်း မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး နဲ့ တာဝန်ခံမှုတွေရှိဖို့ ယုံကြည်စိတ်ချ နိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း တိုက်တွန်းပြောဆိုခဲ့တာပါ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ် အပါအဝင် မတည်မငြိမ် အခြေအနေတွေကြုံခဲ့ရတဲ့ ဒေသတွေကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်က ယုံကြည်စိတ်ချရတဲ့ အချက်အလက် ရှာဖွေရေး လုပ်ငန်းတွေအတွက် ကုလ သမဂ္ဂက ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ICC
please wait

No media source currently available

0:00 0:04:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG