သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲအပေါ် သံသယမရှိကြဖို့ ICG တိုက်တွန်း


မြန်မာ့အပြောင်းအလဲအပေါ် သံသယမရှိကြဖို့ ICG တိုက်တွန်း
မြန်မာ့အပြောင်းအလဲအပေါ် သံသယမရှိကြဖို့ ICG တိုက်တွန်း

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး ၆ လ အကြာမှာတော့ အပြောင်းအလဲတွေ မြင်နေရပြီလို့ ထင်ရှားတဲ့ နိုင်ငံတကာရေးရာ အကဲခတ်အဖွဲ့တခုဖြစ်တဲ့ International Crisis Group (ICG) က ပြောလိုက်ပါတယ်။ အရပ်သားတပိုင်း အစိုးရလက်ထက်မှာ အပြောင်းအလဲ ကြီးကြီးမားမားတွေ ထွက်ပေါ်လာတဲ့ တချိန်တည်းမှာပဲ ဆယ်စုနှစ်နဲ့ချီပြီး ပဋိပက္ခတွေ ဖြစ်ပွားနေတာကို ဖြေရှင်းဖို့လည်း လိုအပ်နေဆဲ ဖြစ်တယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် အဖွဲ့ကပြောဆိုလိုက်တာပါ။

အစိုးရရဲ့ အကြီးအကဲ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို စတင် အကောင်အထည် ဖော်တဲ့အနေနဲ့ မကြာသေးခင် သီတင်းပတ်တွေမှာ စီးပွားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး တိုးတက်စေမယ့် အစီအစဉ်တွေကို ခိုင်ခိုင်မာမာ လုပ်ဆောင်လာတာ တွေ့ရတယ်လို့လည်း ICG အဖွဲ့ရဲ့ အရှေ့တောင်အာရှ စီမံကိန်းဒါရိုက်တာ Jim Della-Giacoma က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ မြန်မာအစိုးရက ကတိပေးထားသလောက် လက်တွေ့ အကောင်အထည်ဖော်ရာမှာ နှေးကွေးနေတယ်၊ ဒီထက်အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုမယ်လို့ သတိပေးနေကြတာပါ။

ICG ရဲ့ အာရှရေးရာ အစီအစဉ် ညွှန်ကြားရေးမှူး Robert Templer ကတော့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ မြန်မြန်ဆန်ဆန် တိုးတက်လာနေချိန်မှာ အနောက်နိုင်ငံတွေ အနေနဲ့ အဆက်အဆံ မလုပ်ဘဲနေတာတွေ၊ သံသယအမြင်နဲ့ ကြည့်တာတွေ မလုပ်ဘဲ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အားပေးဖို့ လိုတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံပေါ် အရေးယူဒဏ်ခတ်မှုတွေသာမက ထိတွေ့ ဆက်ဆံမှုတွေပါ လုပ်ဆောင်လာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Derek Mitchell ကတော့ မြန်မာအစိုးရဘက်က စစ်မှန်ပြီး ခိုင်မာတဲ့ လုပ်ရပ်တွေကို တွေ့ရရင် အမေရိကန် အစိုးရဘက်ကလည်း ဒါတွေအပေါ် သင့်တော်လသလို တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ဒီလလယ် မြန်မာနိုင်ငံ ၅ ရက်ကြာ ခရီးစဉ်အဆုံးသတ်ချိန်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG