သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လွှတ်တော်နှစ်ရပ် စွမ်းရည် ICG သုံးသပ်


ပြည်သူ့လွှတ်တော် အစည်းအဝေး ခမ်းမဆောင်
ပြည်သူ့လွှတ်တော် အစည်းအဝေး ခမ်းမဆောင်
မြန်မာနိုင်ငံရဲ့ အခြေတည်စ လွှတ်တော်ဟာ လူအများမျှော်လင့်ထားတာထက် ပိုပြီး အားအင်ပြည့်ဝပြီး သြဇာသက်ရောက်မှုရှိတယ် ဆိုတာကို သက်သေပြနေပေမဲ့၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အပြည့်အ၀ ဖြစ်ထွန်း လာဖို့ အတွက် လိုအပ်တဲ့ ဥပဒေတွေ ထိထိရောက်ရောက် ပြဌာန်းနိုင်ဖို့မှာတော့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ လုပ်နိုင်စွမ်းရည် အကန့်အသတ်တွေ ကြီးကြီးမားမား ရှိနေတုန်းပဲလို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အသွင်ကူးပြောင်း ကာလ မြန်မာ့လွှတ်တော် - အပေါ်ယံလေ့လာသုံးသပ်ပြီး ဥပဒေတွေ ပြဌာန်းဖို့ မဟုတ် ဆိုတဲ့ ခေါင်းစဉ်ပေးထားတဲ့ ဒီ အစီရင်ခံစာထဲမှာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံး သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခု အဖြစ် ထွက်ပေါ်လာခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းလိုက်တဲ့ မြန်မာ့လွှတ်တော်နဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ်ထားတာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် နှစ်ရပ်စလုံးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း အောင်မြင်မှုတွေ ပြနိုင်ခဲ့သလို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရပ်တည်ခဲ့ပေမဲ့၊ သင့်လျော်ပြီး ဒီမိုကရေစီပြည့်ဝတဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် ရုန်းကန်ကြိုးစား နေရတုန်းပဲလို့ ဒီအစီရင်ခံစာက ဖော်ပြပါတယ်။

တချို့အတည်ပြုလိုက်တဲ့ ဥပဒေ တွေအရ သတင်းမီဒီယာတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ အပေါ် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်း နှစ်ဘက်စလုံးက ထိန်းချုပ်ဖို့ ကြိုးစားနေဆဲဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ လွတ်လပ်စွာ စည်းရုံးခွင့်၊ စီတန်းလှည့်လည်ခွင့် တွေကို ထိန်းချုပ်တဲ့ ဥပဒေတွေဆိုပြီး ဝေဖန်မှုတချို့လည်း ရှိနေပါတယ်။

လွှတ်တော်အမတ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ အောင်မြင်အောင်၊ ဥပဒေတွေ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်အောင်၊ အသင်းအပင်း အဖွဲ့အစည်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ခိုင်မာလာဖို့အတွက် ရင်းနှီး ပံ့ပိုးပေးဖို့လိုသလို လုပ်ကိုင်နိုင်စွမ်း၊ စွမ်းရည်မြှင့်တင်ရေးအတွက် ကူညီဖို့ လိုအပ်တဲ့အကြောင်း ICG ပဠိပက္ခလေ့လာရေးအဖွဲ့ရဲ့ မူဝါဒရေးရာ အကြီးအကဲ Jonathan Prentice က ပြောဆိုထားပါတယ်။
XS
SM
MD
LG