သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကြောင့် ရေရှည် အပြောင်းအလဲ လမ်းပွင့်နိုင်


ရွေးကောက်ပွဲကြောင့် ရေရှည် အပြောင်းအလဲ လမ်းပွင့်နိုင်
ရွေးကောက်ပွဲကြောင့် ရေရှည် အပြောင်းအလဲ လမ်းပွင့်နိုင်

စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ဒီမိုကရေစီကို ဖော်ဆောင်မှာမဟုတ်ဘဲ၊ နိုင်ငံရေးမှာစစ်တပ်ရဲ့ အခန်းကဏ္ဍ ပိုမို ခိုင်မာစေမှာဖြစ်ပေမဲ့ ရေရှည်မှာ တဖြည်းဖြည်း အပြောင်းအလဲဖြစ်လာနိုင်ဖို့ လမ်းပွင့်ကောင်းပွင့်လာနိုင်တယ်လို့ ကမ္ဘာတဝန်း ပဋိပက္ခတွေကို စောင့်ကြည့် လေ့လာသုတေသနပြု ရေးသားထုတ်ဝေတဲ့ International Crisis Group ရဲ့ အစီရင်ခံစာသစ်တစောင်က သုံးသပ်ထားပါတယ်။

ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ နိုင်ငံရေးမှာ စစ်တပ် နစ်ပေါင်းများစွာ အုပ်စိုးထားနိုင်အောင် စီမံထားတဲ့ ဖွဲ့စည်းပုံရဲ့ ပါလီမန်စနစ်ကို အခြေခံပြီး စစ်အစိုးဟာ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တယ်လို့ ICG ကဆိုပါတယ်။ ခုလိုစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ကျင်းပမယ့်ပုံစံတွေက တရားမျှတမှုမရှိဘူးဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ ချုပ်နဲ့အတူ ကရင်အမျိုးသားအစည်းအရုံး KNU တို့လို လက်နက်ကိုင် အဖွဲ့အစည်းတွေက သပိတ်မှောက်ထားကြတာဟာ သဘာဝကျပေမယ့် ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသား ပါတီတွေကို ပြစ်တင်မရှုတ်ချသင့်ဘူး၊ သူတို့ဟာလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်ဆိုတာ အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ လွန်ကာလအစိုးရဟာ အာဏာရှင်ဆန်နေဦးမှာဖြစ်ပေမယ့် အစိုးရရဲ့ဆုံးဖြတ်ချက် ချပုံ ချနည်းတွေမှာ ပိုပြီးစဉ်းစားချင့်ချိန်မှုတွေရှိလာမှာဖြစ်သလို၊ တတ်သိပညာရှင် တွေအနေနဲ့ ပါဝင်အကြံပြုလာနိုင်တဲ့ အခွင့်အရေးတွေရလာနိုင်တယ်လို့ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ အင်မတန်လိုအပ်နေတဲ့ လူမှုရေးနဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းခင်းပေးနိုင်တာကြောင့် ဒါကို လက်လွှတ် အဆုံးအရှုံး မခံသင့်ဘူးလို့ဆိုပါတယ်။ ဒီအစီရင်ခံစာထဲမှာ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီဖော်ဆောင်မှုမရှိသလို၊ ရွေးကောက်ပွဲဥပဒေဟာလည်း တင်းကြပ်လွန်းတယ်စသဖြင့် အကျယ်တဝင့် ဝေဖန်ထားပေမဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် တခြားရွေးစရာလမ်းကိုတော့ ဒီအစီရင်ခံစာထဲမှာ အကြံပြုထားခြင်းမရှိပါဘူး။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုထားတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား ဆက်ဆံရေး တင်းမာလာရာက ပြည်တွင်းစစ်တွေ ပြန်ဖြစ်လာလေမလားလို့ အများကစိုးရိမ်နေကြပေမဲ့ ICG အဖွဲ့ကတော့ ပြည်တွင်းစစ်ပြန်ဖြစ်မယ်လို့ မထင်ပါဘူး။ စစ်အစိုးရက အပစ်အခတ်ရပ်အဖွဲ့တွေကို စစ်ရေးထက် နိုင်ငံရေးနဲ့သာ ဖြေရှင်းလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းဆိုတဲ့လက်နက်ကိုင်အဖွဲ့တွေကို စစ်အစိုးရက မတရားအသင်း ကြေညာခြင်းခံရနိုင်ဖွယ်ရှိသလို အဲဒီ အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ နိုင်ငံရေး ပါတီတွေကိုလည်း ရွေးကောက်ပွဲ ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ICG အဖွဲ့က ဆိုပါတယ်။ ရွေးကောက်ပွဲပြီးရင်လည်း အာဏာအလွှဲ အပြောင်းဟာ ရက်သတ္တပတ်အတန်ကြာဦးမှာဖြစ်တယ်။ အလွန်ဆုံး ၃ လ လောက်အထိ ကြာနိုင်တယ်လို့ ICG အဖွဲ့ ကသုံးသပ်ပါတယ်။

XS
SM
MD
LG