သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထက် ဒုက္ခသည်တွေကို အကူအညီ ပိုပေးဖို့ ICG တိုက်တွန်း


IDPs 1
IDPs 1

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဖြစ်စဉ်ပြောင်းသွားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာတယ်လို့ ICG နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့က ပြောပါတယ်။ ရလာဒ်မထွက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထက်၊ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူလူထုအတွက် အကူအညီငွေပိုသုံးသင့်တယ်လို့လည်း ICG ရဲ့ အစီရင်ခံစာသစ်မှာထောက်ပြပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ကိုဝင်မင်းဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ အလေးထား ဖတ်ရတဲ့ ICG အစီရင်ခံစာရဲ့ထူးခြားချက်ကို မေးရာမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အကြီးတန်းအကြံပေး Thomas Kean က အခုလို ဆိုပါတယ်။

“ဒီအစီရင်ခံစာတွေထဲ ကျနော့အတွက် အရေးအကြီးဆုံးကိစ္စကတော့ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ပူးပေါင်းဆောင်ရွက်မှုက ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးကတည်းက ကြီးကြီးမားမား ပြောင်းလဲပုံပါပဲ။ စစချင်းတုန်းကတော့ NUG နဲ့အနီးကပ် ပေါင်းလုပ်ဖို့ နောက်တွန့်တာတချို့ ရှိခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ပေါင်းလုပ်တာ တဖြည်းဖြည်း ပိုပြီး အားကောင်းလာပါတယ်။ အကြောင်းကတော့ သူတို့ရဲ့အခန်းကဏ္ဍခိုင်မာအောင်လို့ မဟာဗျူဟာအရလုပ်တာပါ။ ရှင်းပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ တလနှစ်လလောက်အတွင်းမှာ ဘယ်အဖွဲ့တွေက NUG နဲ့အခုလိုမျိုးပူးပေါင်းဆောင်ရွက်လာတာ လက်တွေ့မှာ ပိုပိုပေါ်လာပါတယ်။ တစိတ်တပိုင်းအားဖြင့်တော့ စစ်ကောင်စီရဲ့စစ်ရေးလုပ်ရပ်တွေကြောင့် အခုလို ဖြစ်ဖို့ တွန်းပို့လိုက်တဲ့ သူ့ရဲ့ မဟာဗျူဟာအမှားပါ။

မစ္စတာကိန်းကပဲ အစတုန်းက NUG နဲ့ပေါင်းလုပ်ဖို့ တိုင်းရင်းသားတွေဘက်မှာ သံသယရှိခဲ့တယ်၊ အရင် NLD အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေကို ဘေးထားသလို ဖြစ်ခဲ့တာကြောင့် ပါတယ်၊ ဒါပေမယ့် အခု စစ်အာဏာသိမ်းပြီး တိုင်းရင်းသား ဒေသတွေမှာလည်း ဆန့်ကျင်ကြလာပြီး NUG က ဖက်ဒရယ်ပဋိဉာဉ်အပေါ် မကျေလည်တာတွေကို ဆက်ညှိဖို့အလျှော့ပေးလာတာနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေပါ အရင် NCGUB အစိုးရလိုမဟုတ်ဘဲ အခု NUG မှာ ထည့်ဖွဲ့ပေးတာကြောင့် ယုံကြည်မှု ပိုကောင်းလာတာပါ လို့ရှင်းပြပါတယ်။

အဲဒီတော့ ဘာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မကူသင့်ဘဲ ထွက်ပြေးဒုက္ခရောက်သူတွေကို ကူသင့်ကြောင်း ICG အစီရင်ခံစာထဲမှာ ရေးထားပါလဲလို့ မေးရာမှာ မစ္စတာကိန်းက ဆက်ပြီး အခုလို ရှင်းပြပါတယ်။

“ငြိမ်းချမ်းရေးကိုကူပေးတဲ့ နိုင်ငံအလှူရှင်တွေအနေနဲ့ အရင်ဒေါ်လာငွေအများစုကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးခဲ့တာက နားလည်နိုင်ပါတယ်။ အဲဒီတုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း နိုင်ငံရေးအရ ရင်းပြီးတော့ ပါခဲ့ကြပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား ဘာရလဒ်မှ ဖြစ်မလာခဲ့ဘူး။ ဒါ့အပြင် အခုက အာဏာသိမ်းအပြီး ပဏ္ဍိပက္ခတွေအောက်မှာ လူဦးရေတဝက်လောက်က အိမ်ကနေ ထွက်ပြေး ဒုက္ခရောက်ကြရပါတယ်။ အဲဒီအချိန်မှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကောင်းလာတဲ့ တိုင်းရင်းသားတပ်တွေနဲ့ NUG ကိုကူရခက်ပေမယ့် ဒီ ဒုက္ခရောက်သူတွေကို ကူညီရမယ့်တာဝန် ဒီ အလှူရှင်အဖွဲ့တွေအပေါ်မှာ ရှိလာပြီး အခု နိုင်ငံရေး NGO တွေနဲ့ အရပ်ဘက်အဖွဲ့တွေကတဆင့် ကူညီနိုင်တဲ့အနေအထား ဖြစ်သွားပါပြီ။ ဒါတောင်မှ ကြီးမားတဲ့လူအရေအတွက်ဆီကို တကယ်ရောက်ဖို့တော့ စိန်ခေါ်ချက်တွေ ရှိနေပါသေးတယ်။ ဒါကို စစ်ကောင်စီဘက်ကနေလည်း ပိတ်ဆို့နေပါသေးတယ်။ ခက်ပါတယ်။”

မစ္စတာကိန်းကပဲ တိုင်းရင်းသားလူမှုရေးအဖွဲ့တွေကို ကိုဗစ်ဆိုင်ရာအကူအညီတွေပေးတာအပြင် လုပ်နိုင်စွမ်းလည်းတက်လာအောင် ပိုကူညီပေးသင့်တယ်လို့ ဆက်ထောက်ပြပါတယ်။ ဒီအပေါ် NCA ခေါ် အပစ်ရပ်စာချုပ် လက်မှတ်ထိုး ပူးပေါင်းအဖွဲ့ PPST ရဲ့ပူးတွဲခေါင်းဆောင် ဦးခွန်ဥက္ကာကိုမေးရာမှာ ရေတို၊ ရေရှည်ကြည့်ဖို့ အခုလို ရှင်းပြပါတယ်။

“ကာလတို၊ ကာလရှည်၊ ရေရှည်ဆိုတဲ့အမြင်နဲ့ကြည့်ရင်တော့ root cause က ငြိမ်းချမ်းရေးမရှိလို့ပေါ့။ မရှိလို့ပေါ်လာတဲ့ အခု ဒီကိစ္စကို အခု ဒုက္ခသည်တွေကိစ္စကို ကူညီဖြေရှင်းပေးဖို့ အမြန်ဆုံး သက်သာအောင်လုပ်ပေးဖို့ အမြန်ဆုံး humanitarian ground နဲ့ ချဉ်းကပ်ဖို့ဆိုရင် ဒါက လတ်တလော လုပ်ငန်းစဉ်ပဲ။ ဒါပေမယ့် ဒီရေတိုလုပ်ငန်း ဦးစားပေးလို့ ဒီပြဿနာက မပြီးဘဲနဲ့ Politcal settlement မရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူးနဲ့တူတယ်။ political dialogue မှာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ရေရှည်မှာတော့ ဆက်ရှိနေပြီးတော့ သွားမှ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့။”

ဒါ့အပြင် ပြောင်းလဲမှုတချို့ စဖြစ်လာပုံရတာကိုလည်း ဦးခွန်ဥက္ကာက အခုလို ဆက်ရှင်းပြပါတယ်။

“စစ်ကောင်စီဘက်က သံတမန်ရေးရာမှာ ကျဆုံးနေတာသိတဲ့အခါကျတော့ သံခင်း တမန်ခင်းမှာ ပြန်ပြီးတော့ ခြေကုတ်ရအောင် ကြိုးပမ်းမယ်။ ဥပမာဆိုရင် - အာဆီယံရဲ့အထူးကိုယ်စားလှယ်ကို EAO တွေနဲ့ဆွေးနွေးတဲ့ပွဲတွေမှာ ပါဝင်စေမယ်-ဆိုတဲ့ ဟာမျိုးတွေပေါ့။”

ဒီအပေါ် ICG အကြံပေး ကိန်းကတော့ မလွယ်ဘူးလို့ ဆိုပါတယ်။

“ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့တွေ့ပြီးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်ဖြစ်တဲ့ အရေးပါတဲ့ ပါဝင်ပတ်သက်သူအားလုံးနဲ့တွေ့ဖို့ ပုံစံပြောင်းလိုက်ပါတယ်။ အားလုံးနားလည်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနောက် ဒီ NUG ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ဖို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ပဲ တွေ့ဖို့သဘော ပြောင်းလိုက်တာပါ။ ဒီနေရာမှာ EAO တွေနဲ့အပစ်ရပ်သက်တမ်းတိုးပြီးတော့ ကမ္ဘောဒီးယားကိုပါ ဆွေးနွေးပွဲထဲ ပါဝင်ခွင့်ပြုခဲ့တာကို ဟွန်ဆန်က အဟုတ်ကြီးထင်သွားပုံရပါတယ်။ ဒါပေမယ့် ဒါက ထူးခြားတဲ့ လိုက်လျောမှုမဟုတ်ပါဘူး။ တကယ်က EAO တွေနဲ့ ပေါင်းလုပ်နေတာကို ခွဲပစ်ဖို့သူက ကြိုးစားတာပါ။ ဒါ့အပြင် ပြီးတာနဲ့ ကယားပြည်နယ်၊ လွိုင်ကော်မှာပါ အပြင်းအထန် တိုက်လာတာ တွေ့နေရပါတယ်။ ဒါပေမယ့် အခုလို နည်းတွေနဲ့အရင် ၁၉၈၈ အပြီး နဝတ SLOC အနေနဲ့ ဒီမိုကရေစီတပ်ပေါင်းစု DAB ကို ခွဲပစ်သလို ဒီအပစ်ရပ်တာတွေကိုခွဲပစ်ဖို့ အခုက မလွယ်တော့ပါဘူး။ အခြေအနေတွေက အများကြီးပြောင်းသွားပါပြီ။”

တကယ်တော့ မြန်မာစစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့အပေါ် နိုင်ငံတကာစိုးရိမ်မှုတွေ ပိုတိုးလာချိန်မှာ ICG ရဲ့အခု အစီရင်ခံစာ ထွက်လာတာဖြစ်ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

------------------

[[Unicode]]
















------------------

XS
SM
MD
LG