သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံရဲ့ ဥပဒေဆိုင်ရာကဏ္ဍတွေမှာ ရှေ့နေတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ (International Commission of Jurists) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ အဖွဲ့က အခုရက်ပိုင်းအတွင်း အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။ ICJ အဖွဲ့နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ မြန်မာရှေ့နေတွေကလည်း ထုတ်ဖော်ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ဆွစ်ဇလန်နိုင်ငံအခြေစိုက် ICJ လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်ကနေ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာပြီဆိုပေမဲ့ ဥပဒေပညာရှင်တွေဟာ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း လွတ်လပ်တဲ့ ရှေ့နေများကောင်စီလို အဖွဲ့အစည်း လိုအပ်နေကြောင်းနဲ့ မြန်မာနိုင်ငံက ဥပဒေရေးရာ တရားစီရင်မှုတွေနဲ့ ပတ်သက်လို့ ရှေ့နေ ၆၀ ခန့်ကို မေးမြန်းပြီး ထုတ်ပြန်ထားတာပါ။ ICJ နဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ရှေ့နေ ဦးသိန်းသန်းဦး ကတော့ အခုလို ပြောပါတယ်။

“ရှေ့နေ ၆၀ အထိ အင်တာဗျူးခဲ့တဲ့အကြောင်းပါ။ တော်တော်ကို အသေးစိတ်ပြီးတော့ တိတိကျကျ စနစ်တကျ ရေးထားတာပါ။ Bar Council လွတ်လပ်ခွင့်မရှိတာ၊ ရှေ့နေတွေအပေါ်မှာ အထူးသဖြင့် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ရှေ့နေတွေအပေါ်မှာ ဖိနှိပ်ချုပ်ခြယ်တာ၊ ရှေ့နေတွေကို အသင်းအပင်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် မပေးတာပေါ့နော် ဒါတွေကို တိတိကျကျပြောထားတော့ တရားခွင်နဲ့ ရှေ့နေတွေရဲ့ ဆက်ဆံရေးဆိုတာ အထူးသဖြင့် ပြစ်မှုတွေမှာကျရင် တရားသူကြီးကတော့ နံပါတ်တစ်ပေါ့၊ နှစ်ကတော့ ဥပဒေအရာရှိပေါ့ Prosecution Site က နော်၊ နောက်တခါ ရဲပေါ့နော်။ အနိမ့်ဆုံးကတော့ ရှေ့နေပါပဲ။ ရှေ့နေက အဆင့်အတန်း အနိမ့်ဆုံးဖြစ်ရပြီးတော့ ဆက်ဆံတဲ့အခါမှာလည်း အဲ့ဒီအစီအစဉ်အတိုင်း သွားတာပဲ။ တကယ်လို့ တရားခွင်မှာ ပြဿနာတရပ်နဲ့ ပတ်သက်ပြီးတော့ အငြင်းအခုံ ဖြစ်ပွားတယ်ဆိုရင် တရားရုံးက အမြဲတမ်း ဥပဒေရုံးဘက်က လိုက်ပါဆောင်ရွက်ပါတယ်။ မျက်နှာလိုက်ပြီးတော့ မေးတယ်။ နောက်တခါ တကယ်လို့ ဥပဒေရုံးကနေပြီးတော့ သက်သေပြဖို့ တာဝန် ချို့ယွင်းသွားတယ်၊ မပေါ်ပေါက်ဘူး၊ မလုပ်ပြနိုင်ဘူးဆိုရင်တော့ သူက ရုံးမေးလ်တွေနဲ့ ၀င်ဝင်ပြီးတော့ ဖြည့်ပေးတယ်။ အဲ့ဒါက အင်မတန် ဆိုးတဲ့အချက်ပါ။ အန်ကယ်လ်တို့ ရင်ဆိုင်နေရတာ အဲ့ဒါပဲ။”

လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးတွေမှာ ရှေ့နေတွေအနေနဲ့ ခြိမ်းခြောက်ခံရမှုတွေ ရှိနေသေးကြောင်းနဲ့ မြန်မာနိုင်ငံ ရှေ့နေများအသင်းဟာ လွတ်လပ်တဲ့ အသင်းအဖွဲ့မဟုတ်ဘဲ အစိုးရက ၀င်ရောက်စွက်ဖက်မှုတွေ ရှိနေကြောင်းကိုတော့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကလည်း ပြောပါတယ်။

“တရားသူကြီးကလည်း ရှေ့နေအပေါ်မှာ တမျိုးမြင်တယ်။ ဥပဒေကလည်း တမျိုးမြင်တယ်။ အဲ့လိုအမြင်တွေနဲ့ ရှိတာပေါ့။ နောက်တခါ ရှေ့နေနဲ့ပတ်သက်လာရင် တရားရုံးတွေက သူတို့ရဲ့ လက်အောက်ခံသဘောမျိုး ရှိတယ်ပေါ့နော်။ လက်အောက်ခံ သဘောမျိုးထားတယ်။ သူတို့ကနေ တခါတလေကျရင် Contempt of Court ဆိုပြီးတော့ သူတို့က ရှေ့နေတွေပေါ်မှာ အရေးယူနိုင်တယ်ဆိုတဲ့ သတိပေးမှုမျိုးတွေလည်း တချို့ရှေ့နေတွေ ကြုံတွေ့ရတယ်ဆိုတာ ပြောတယ်ပေါ့နော်။ ဒီနေ့ မြန်မာနိုင်ငံမှာက Bar Council ခေါ်တဲ့ ရှေ့နေများကောင်စီပေါ့ အဲ့ဒါက နည်းလမ်းတကျ ဖွဲ့စည်းထားခြင်း မရှိသေးဘူး။ ဒီနေ့ ဒီဖွဲ့စည်းပုံ ရေးဆွဲပြီးတဲ့ နောက်ပိုင်းမှာ။ ဘာဖြစ်လို့လဲဆိုတော့ ကန့်သတ်ထားတဲ့ သဘောမျိုးတွေက တော်တော်များများတွေ့တယ်။ တချို့နိုင်ငံတွေမှာ Bar Council မှာ တရားသူကြီးတွေ မပါဘူး။ ဒီနိုင်ငံမှာက တရားသူကြီးလည်းပါတယ်။ ရှေ့နေချုပ်ရုံးက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းပါတယ်။ ဆိုတော့ သူတို့က ၃ ယောက်လောက်ဖြစ်ပြီး ကျန်တဲ့သူက ၂ ယောက်လောက်ပဲ ဖြစ်ချင်ဖြစ်တယ်။ အမှန်တော့ လွတ်လပ်တဲ့ ရှေ့နေအဖွဲ့အစည်းဟာ ရှေ့နေအဖွဲ့အစည်းတရပ် အနေနဲ့ပဲ ရှိသင့်တယ်။ အဲ့လို အာဏာပိုင် အစိုးရတရားရုံးတွေကနေပြီးတော့ ပါဝင်ပတ်သက်မှု မပြုသင့်ဘူးပေါ့။”

ICJ လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကြံပြုထားချက်တွေကတော့ - ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု လွှတ်တော်အနေနဲ့ သီခြားလွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်တခု ဖြစ်လာစေဖို့၊ Bar Council ကို ထိရောက်စွာ ပြန်လည်ဖွဲ့စည်းဖို့၊ အကျင့်ပျက် ချစားမှုများနဲ့ ပတ်သတ်လို့ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်က သီးခြားလွတ်လပ်ပြီး လျှင်မြန် ထိရောက်စွာ ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းတရပ်ကို ထူထောင်ဖို့၊ ပညာရေးဝန်ကြီးဌာနအနေနဲ့  တရားဥပဒေ ပညာရှင်များနဲ့  ညှိနှိုင်းပြီး တရားဥပဒေဆိုင်ရာ ပညာရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်သင့်ကြောင်းနဲ့ လုပ်ဆောင်ရာမှာလည်း တရားဥပဒေကျောင်းများ ဖွင့်လှစ်ခြင်း၊ ကျောင်းများအတွက် လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်းတွေနဲ့ တက်ရောက်တဲ့ ကျောင်းသားတွေကို အရည်အသွေး အကဲဖြတ်ခြင်းတို့ ပါဝင်သင့်တယ်လို့ အကြံပြုထားပါတယ်။

ICJ အဖွဲ့ကို ၁၉၅၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးများ တိုးတက်လာစေဖို့အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG