သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC အကြီးအကဲ မြန်မာနိုင်ငံကို ရောက်ရှိ


 နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer (အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၂)။
နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer (အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၂)။
အကျဉ်းထောင်တွေနဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကို သွားရောက်စစ်ဆေးဖို့ အတွက် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ရောက်လာတယ်လို့ အဖွဲ့ ပြောခွင့်ရသူ က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ လက နိုင်ငံတကာ ကြက်ခြေနီကော်မီတီ ကို အကျဉ်းထောင်တွေထဲ သွားရောက် စစ်ဆေးခွင့်ပေးမယ် ဆိုတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပြီး ခုလို နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ ရဲ့ ၆ ရက်ကြာ ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြသာနာတချို့ကို ဖြေရှင်းဖို့အတွက် ICRC နဲ့ ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက သဘောတူ လက်မှတ် ထိုးထားပြီးပါပြီ။ ဒါဟာ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ နဲ့ မြန်မာအစိုးရကြား ဆွေးနွေးရေးနဲ့ ဆက်ဆံရေး ကိစ္စတွေအတွက် အင်မတန် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်လို့ ICRC အဖွဲ့ ဥက္ကဋ္ဌ Peter Maurer က ပြောဆိုကြောင်း ICRC ကထုတ်ပြန်တဲ့ ကျေညာချက်ထဲမှာ ဖော်ပြပါတယ်။

မစ္စတာ Maurer ဟာ တနင်္လာနေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မကြာသေးခင်က မြန်မာအစိုးရ ကျေညာခဲ့တဲ့အတိုင်း နိုင်ငံတကာ ကြက်ခြေနီကော်မီတီကို အကျဉ်းထောင်တွေထဲ ဝင်ရောက်စစ်ဆေးခွင့် ပေးဖို့ကိစ္စကို အဓိကထား ဆွေးနွေးကြမယ် လို့ မျှော်လင့်ကြောင်း ICRC ဥက္ကဋ္ဌ Peter Maurer က ပြောဆိုပါတယ်။

ICRC အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက အကျဉ်းထောင်တွေရဲ့ အခြေအနေကို ဝင်ရောက် စစ်ဆေးပြီး တွေ့ရှိချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့သာ ဆွေးနွေးဖလှယ်လေ့ ရှိပါတယ်။ မြန်မာတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရထားပြီးပြီမို့ မကြာခင် လုပ်ငန်းစဖို့ပဲ ကျန်တော့တယ်လို့ ICRC ပြောခွင့်ရ Philippe Stoll က ရိုက်တာ သတင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ က အမေရိကန်သမ္မတ ဘရက်အိုဘားမား မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ် မတိုင်ခင် နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာ့ အကျဉ်းထောင်တွေထဲကနေ နိုင်ငံရေး အကျဉ်းသား တော်တော်များများနဲ့ တခြား အကျဉ်းသားတွေကို မြန်မာအစိုးရက ပြန်လွှတ်ပေး ခဲ့ပါတယ်။ ကချင်နဲ့ ကရင် ပြည်နယ် လို ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အကူအညီပေးအပ်ခွင့် ရရှိဖို့ကိုလည်း ကြိုးစားနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC က ပြောပါတယ်။
XS
SM
MD
LG