သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICRC ကြက်ခြေနီအဖွဲ့ အကြီးအကဲ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေး


ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)
ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)

နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC ဥက္ကဋ္ဌနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံ စဉ်မှာ ရခိုင်လူမှုအဖွဲ့ ကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ပေး ရာမှာ ဘက်လိုက်မှုမပြုဖို့နဲ့ တဘက်နိုင်ငံ ရောက်နေသူတွေကို ပြန်လည်လက်ခံရာမှာ အမှန်တကယ် မြန်မာပြည်မှာ နေထိုင်သူတွေကိုသာ လက်ခံဖို့ အဓိက ဆွေးနွေးခဲ့ပါတယ်။ ICRC ဥက္ကဋ္ဌက ကူညီထောက်ပံရေးကိစ္စကို ပြန်လည်သုံးသပ်ပြီး မျှမျှတတ ဖြစ်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ကို ၃ ရက်ကြာသွားရောက်ခဲ့တဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC ဥက္ကဋ္ဌ ပီတာမော်ရဲဟာ ကြာသပတေးနေ့က စစ်တွေမြို့၊ ရခိုင်အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေဘက်က တင်ပြတဲ့အချက်တွေကို ပါဝင် တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ ဦးသန်းထွန်းက အခုလို ပြောပါတယ်။

“ကြက်ခြေနီအဖွဲ့အစည်းပေါ့။ ကြက်ခြေနီစည်းမျဉ်းအတိုင်း ဘက်မလိုက်ဘဲ ဆောင်ရွက် ပေးတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက်ကြောင့် ဘာပဲလုပ်လုပ်ပွင့်လင်းမြင်သာမှုနဲ့ လုပ်ပေး ပါ။ တဘက်သတ်ဘက်မလိုက်ဘဲနဲ့ ဆောင်ရွက် ပေးပါ။ အကူအညီလိုတဲ့လူတွေကို ဘယ်လူမျိုးပဲဖြစ်ဖြစ်ပေါ့ ဘက်မလိုက်ဘဲ ကူညီပေးပါ။ ရခိုင်တွေ ဘက်က လိုအပ်တဲ့ အကူအညီတောင်းရင်လည်း ဟိုအကြောင်းပြ ဒီအကြောင်းပြ ဟိုစံနှုန်းမဝင်၊ ဒီစံနှုန်းမဝင်နဲ့ အဲဒါမျိုးတွေနဲ့ ပယ်ချခံရတာတွေ မလုပ်ပါနဲ့ပေါ့။ တောင်းတာကလည်း တကယ်လိုအပ်တဲ့ အကူအညီတွေ တောင်းကြမှာပါ။ ”

နောက်ဆွေးနွေးတာကတော့ ICRC ဥက္ကဋ္ဌ မေးမြန်းတာကို ဖြေကြားခဲ့ကြောင်း ဆက် လက် ပြောပါတယ်။

“သူက မေးတာပေါ့။ ဟိုဘက်က ပြန်လာမယ့်သူတွေအပေါ် ရခိုင်တွေ ဘယ်လို သဘော ထားပါသလဲပေါ့။ ကျနော်တို့ သဘောထားကတော့ အဲဒီမှာ လူ ၇ သိန်း ရှိပါတယ် ဆိုတဲ့ လူတွေပေါ့။ ပမာဏကိစ္စတော့ ဘာမှ မပြောလိုဘူး။ ကျနော်တို့လည်း အဲဒီဂဏန်းကို လက်ခံတာမဟုတ်ဘူးပေါ့။ အဲဒီလာမယ့်သူတွေဟာ တကယ့်ကို ဒီမှာ အမှန်အကန် နေထိုင်ခဲ့ကြတဲ့လူတွေဆိုရင် ဒီမှာ နေထိုင်ခွင့်ရကြမှာကို ကျနော်တို့ ငြင်းစရာမလိုဘူးပေါ့။ ဒါပေမဲ့ အဲဒီကိစ္စဟာ နိုင်ငံသားဖြစ်ရေးကိစ္စနဲ့ ဘာမှ ဆက်စပ်မှုမရှိဘူးပေါ့။ အဲဒီမှာ ရှိတဲ့ လူ ၇ သိန်းစလုံးကို ဒီက မစိစစ်ဘဲနဲ့ အကုန်လက်ခံပါဆိုတဲ့ ကိစ္စကလည်း ဒါ မြန်မာနိုင်ငံ ကို သာလာယံဇရပ်လို သဘောထားပြီးတော့ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်လို့ ဖိအားပေးတာကလည်း ဒါမြန်မာနိုင်ငံရဲ့လုပ်ပိုင်ခွင့်ကို နည်းနည်း တင်စီးရာ ရောက်တယ်။ ဒါမျိုးတွေကိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ မလုပ်ကြပါနဲ့၊ ဒါပါပဲ အခြေခံကတော့။”

ဒီဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ ဝံလက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ခိုင်ကောင်းစံက ICRC အနေနဲ့ ကူညီ တာတွေကို ဘက်မလိုက်ဘဲ ဆောင်ရွက်ဖို့ ကတိပြုခဲ့ကြောင်း အခုလို ပြောပါတယ်။

“ ICRC ဥက္ကဋ္ဌကတော့ သူပြောတာတော့ ကောင်းပါတယ်။ နောက်နောင်ဆိုရင် သူတို့ လည်း ဒေသခံ လူမှုအဖွဲ့ အစည်းတွေနဲ့တွေ့ပြီးတော့မှ သူတို့ ဒီက အသံတွေကို နားထောင်ပြီးတော့မှ တချို့ဟာတွေကို သူ ပြန်ပြီးတော့ ဆွေးနွေးမှာပေါ့လေ။ ဟိုမှာ ချပြမယ်။ ဒေသခံပြည်သူတွေ၊ ဌာနေတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို သူ့ အနေနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။”

ICRC ဥက္ကဋ္ဌနဲ့ တွေ့ဆုံရတဲ့အပေါ်မှာ ကျေနပ်မှုရှိကြောင်းလည်း ခိုင်ကောင်းစံက ပြောပါ တယ်။

“သူတို့ ဒီကိုလာတဲ့အတွက် သူတို့လည်း ဒီဒေသအတွင်းမှာ တကယ်လိုအပ်နေတဲ့ အရာတွေကို သိသွားတာပေါ့ လေ။ မြေပြင်အခြေအနေတွေ ဖြစ်ရပ်မှန်တွေ သိသွား တာပေါ့။ ဒါလည်း အားရစရာတခုပါ။ ဒါပေမဲ့ တချို့သော အဖွဲ့အစည်းတွေကျတော့ သူ တို့က ဒီကိုလာသွားတယ်။ လာသွားပြီးတော့ တဘက်အသံကိုပဲ နားထောင်ပြီး တော့မှ ဆုံးဖြတ်ချက်တွေ ချတဲ့အချိန်မှာလည်း သူတို့ လိုချင်တဲ့ဟာပဲ ဆုပ်ကိုင်ပြီးတော့ ဆုံးဖြတ် ချက် ချတာ ပေါ့။ သူတို့ ရောက်လာပြီးတော့ ပဋိပက္ခကို ပိုပြီးဖြစ်ပွားစေတာတွေ ရှိခဲ့တယ် ပေါ့။ အဲတော့ ICRC နဲ့ တွေ့ဆုံရတဲ့ ဟာက တကယ် ကောင်းမွန်တဲ့ဟာ တခုပေါ့လေ။ ဒီ ဘက်ကလည်း ပြောဆိုဆွေးနွေးတဲ့ဟာတွေကို ဂရုတစိုက် နားထောင်ပေးတယ်ပေါ့လေ။ ”

၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ ICRC ဥက္ကာ ပီတာမော်ရဲဟာ ဘူးသီးတောင်နဲ့ မောင်းတော ဒေသတွေကိုလည်း သွားရောက်ခဲ့ပြီး ရခိုင်၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင် မိသားစုတွေ ၊ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးICRC ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ကို ကြည့်ရှုခဲ့သလို စစ်တွေမြို့မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ကြာသပတေးနေ့ ညနေပိုင်းမှာ စစ်တွေမြို့ကနေ နေပြည်တော်ကိုပြန်လာခဲ့ပြီး သောကြာနေ့မှာတော့ နိုင်ငံ တော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့တွေ့ဆုံပြီး နေပြည်တော်မှာ သတင်းစာရှင်းလင်းဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG