သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာကြက်ခြေနီ မြန်မာအကျဉ်းထောင် လေ့လာမှုပြန်စမည်


မြန်မာသမ္မတဦးသိန်းစိန်နှင့် ICRC ဥက္ကဌ Peter Maurer တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။ (ဇန်နဝါရီ ၁၇၊ ၂၀၁၃။)
မြန်မာသမ္မတဦးသိန်းစိန်နှင့် ICRC ဥက္ကဌ Peter Maurer တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။ (ဇန်နဝါရီ ၁၇၊ ၂၀၁၃။)
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ၅ ရက်ကြာ ခရီးရောက်ရှိနေတဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဌက မြန်မာပြည်ဆိုင်ရာ ICRC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လာမယ့် သီတင်းပတ်အတွင်း အကျဉ်းထောင်တွေထဲကို သွားရောက်ပြီး အကျဉ်းသားတွေရဲ့ အခြေအနေ ကို လေ့လာခွင့်ရတော့မယ် လို့ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ICRC ရဲ့ လုပ်ငန်းတွေ အောင်မြင်မှုပေါ်မှာ မူတည်ပြီး ရန်ပုံငွေတိုးမြှင့်ချထားပေးမှာဖြစ်တဲ့အကြောင်းလည်း ICRC ဥက္ကဌ Peter Maurer က ဒီကနေ့ကျင်းပတဲ့ သတင်းထောက်များ နဲ့ တွေ့ဆုံပွဲ မှာ ပြောဆိုလိုက်တာပါ။ ရန်ကုန် VOA ရုံးကနေ ဒေါ်ခင်စိုးဝင်းက ပြောပြပေးထားပါတယ်။

ICRC ဥက္ကဌ Peter Maurer က ICRC ရဲ့ သမိုင်းမှာ ဥက္ကဌတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာတဲ့ ခရီးစဉ်ဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ ဒီသီတင်းပတ်အတွင်း လာရောက်ခဲ့တဲ့ သူ့ခရီးစဉ်က ICRC နဲ့ မြန်မာနိုင်ငံအကြား တကယ့်ကို ပြန်လည်ဆန်းစစ်တဲ့ လုပ်ငန်းစဉ် အစပျိုးလိုက်တာပဲလို့ ဆိုပါတယ်။ အရေးပါတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကူညီဆောင်မမှု နဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို လက်တွေ့ကျကျ လေ့လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ICRC ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်ပေးအပ်ထားတဲ့ အဖွဲ့အစည်းဖြစ် တာနဲ့အညီ နိုင်ငံတကာ အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ လုပ်ငန်းတွေ အကောင် အထည်ဖော်နေရတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက် ICRC ရဲ့ ခွဲဝေချထားပေးတဲ့ ရန်ပုံငွေ အခြေအနေနဲ့ ပတ်သက်လို့လည်း အခုလို ရှင်းပြပါတယ်။

“အားရစရာကောင်းတဲ့ အချက်ကတော့ မြန်မာနိုင်ငံအတွက် ၂၀၁၂ ခုနှစ်မှာ ရန်ပုံငွေ ဒေါ်လာငါးသန်း ချပေးရာကနေ ဒီနှစ် ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ (၇) သန်းအထိ တိုးမြှင့်ပေးလိုက်တာပါပဲ။ ဒါကလည်း တသမတ်တည်း ကန့်သတ်ထားတာမဟုတ်ပါဘူး။ ICRC ရဲ့မူအရ အခြေအနေတိုးတက်မှု ရှိရင်ရှိသလို အချိန်ကာလ သတ်မှတ်မထားဘဲ လိုအပ်သလို တိုးပေးသွားမှာ ဖြစ်ပါတယ်။”

ICRC ရဲ့ တာဝန်ဝတ္တရားတွေထဲက လက်နက်ကိုင် ပဋိပက္ခအခြေအနေတွေနဲ့ တခြား အကြမ်းဖက်မှုအခြေအနေတွေမှာ လူလူခြင်း စာနာမှု လုပ်ငန်းတွေနဲ့ အကူအညီပေးနေရတာဖြစ်ပါတယ်။ ဒါကြောင့် စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ဒေသကို သွားရောက်ခွင့်နဲ့ပတ်သက်လို့လည်း မြန်မာအစိုးရနဲ့ အခုလို ဆွေးနွေးဖြစ်ခဲ့တယ်လို့လည်း အခုလိုပြောသွားပါတယ်။

“ကျနော် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တုန်းက ကချင်ပြည်နယ်နဲ့မြန်မာနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသကို သွားခွင့်ပြုဖို့ ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ICRC ရဲ့ လုပ်ငန်းတာဝန်နဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် ဒီကိစ္စကို အလေးအနက် ထားပြီးဆွေးနွေး ခဲ့တာပါ။ မြန်မာအစိုးရဘက်ကလည်း အပြုသဘောဆောင်တဲ့ အနေအထားနဲ့ ချဉ်းကပ်တာတွေ့ခဲ့ရပါတယ်။”

အောက်ခြေမှာ လက်တွေ့လှုပ်ရှားနေရတဲ့ ICRC ရဲ့ဝန်ထမ်းတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ လည်း နေပြည်တော်က အစိုးရခေါင်းဆောင်ပိုင်းနဲ့တွေ့တုန်းက သူပြောဖြစ်ခဲ့တယ် လို့ ပြောပါတယ်။

“ICRC ဝန်ထမ်းတွေနဲ့ ဒေသခံတာဝန်ရှိသူတွေအကြား နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျနော် လုံး၀ သတိထားမိပါတယ်။ ICRC ဥက္ကဌ တစ်ယောက်အနေနဲ့ ပြဿနာတွေအားလုံး တစ်ချက်တည်းနဲ့ ပြေလည်သွားအောင် မလုပ်ပေးနိုင်တာတော့ အမှန်တကယ်ပါပဲ။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်နားလည်မှုရှိအောင် နေပြည်တော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတုန်းက ဆွေးနွေးနိုင်ခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတချို့နဲ့ပတ်သက်လို့လည်း ICRC ဥက္ကဌ Peter Maurer က အခုလိုသုံးသပ်ပါတယ်။

“မြန်မာနိုင်ငံက တကယ့်ကို ထူးခြားတယ်လို့ပဲ ဆိုရမှာပါ။ အခုလောလောဆယ် နိုင်ငံရေးအသွင် ကူးပြောင်းနေတဲ့ကာလမှာ ကချင်ဒေသက ပဋိပက္ခတွေ၊ ရခိုင်ပြည်နယ်က ဒုက္ခသည်အရေးတွေ စတဲ့ မတည်မငြိမ်အခြေနေတွေက ရှိနေတာပါ။ ဒါပေမယ့် တခြားနိုင်ငံတွေမှာလည်း ဒီလိုပြဿနာတွေ အကျပ်အတည်းတွေ ရှိကြပါတယ်။ တစ်ပုံစံတည်းတော့ မဟုတ်နိုင်ဘူးပေါ့ဗျာ။ တူတာကတော့ ICRC ဝန်ထမ်းတွေ ကွင်းဆင်းတဲ့အခါ တွေ့ကြုံရတဲ့ လုံခြုံရေးအခက်အခဲတွေ၊ ခြိမ်းခြောက်ခံနေရတဲ့ အန္တာရယ်တွေကတော့ ဘုံ ပြဿနာတွေလို့ပဲ ပြောရမှာပါ။”

ICRC ရဲ့ အရေးကြီးတဲ့လုပ်ငန်းတွေထဲက တခုဖြစ်တဲ့ အကျဉ်းထောင်တွေထဲ သွားရောက်လေ့လာခွင့်နဲ့ပတ်သက်လို့တော့ မြန်မာအစိုးရက ၇နှစ်အတွင်း ပထမဆုံးအကြိမ်ခွင့်ပြုလိုက်ပြီး လာမယ့်သီတင်းပတ်အတွင်းမှာ အကျဉ်းထောင်တွေကို သွားရောက်လေ့လာတော့မှာဖြစ်တယ်လို့ ICRC ဥက္ကဌက ပြောပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေကို ရှောင်တခင်သွားရောက်တာမျိုးမဟုတ်ပဲ ကြိုတင်အကြောင်းကြားပြီးမှ သွားရောက်ရတာမျိုးဖြစ်တဲ့အတွက် အကျဉ်းသားတွေ တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို သိနိုင်ပါ့မလားဆိုတာနဲ့ပတ်သက်လို့တော့ ICRC ရုံးခွဲတာဝန်ခံ ဂျော့ပကလီဆာနူးက အခုလိုပြောပါတယ်။

“ဒါဟာ မြန်မာနိုင်ငံမှာပဲ တွေ့ရတာမဟုတ်ပါဘူး။ ICRC ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်ပေါင်း (၅) သိန်းလောက်ကို လေ့လာနေရတာပါ။ အကျဉ်းထောင်တွေထဲမှာ ဒီလိုပဲ သံသရာ လည်နေဆဲပါ။ ICRC ဆိုတဲ့ ရထားကြီး ဆိုက်လာလိုက် ထွက်သွားလိုက်နဲ့ အခေါက်ခေါက်အခါခါ ပြန်လာမှာပါပဲ။ ဒီတော့ အကျဉ်းထောင်တွေထဲက အဖြစ်မှန် ဇာတ်လမ်းတွေက တစ်ချိန်မဟုတ်တစ်ချိန် သိလာမှာပါပဲဗျာ။”

ICRC ဥက္ကဌ Peter Maurerနဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို ငါးရက်တာခရီးရောက်ရှိနေပြီး ရခိုင်ပြည်နယ်စစ်တွေမြို့ကို သွားရောက်ပြီးတော့ သောကြာနေ့မှာ ရန်ကုန်မြို့ကနေ ပြန်လည်ထွက်ခွာဖို့ရှိပါတယ်။
XS
SM
MD
LG