သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူချစ်သူ အခွင့်အရေး ကင်းမဲ့ဆဲ


မေလ ၁၇ရက် ရန်ကုန်မြိုကတွင် ကျင်းပသော IDAHO နေ့ အခမ်းအနား တွင် လူ့အခွင့်အရေး ကော်မရှင်မှ ဒေါက်တာ ဉာဏ်ဇော် မိန့်ခွန်းပြောနေစဉ်။ ဓါတ်ပုံ (Facebook/Shin Thant)
မေလ ၁၇ရက် ရန်ကုန်မြိုကတွင် ကျင်းပသော IDAHO နေ့ အခမ်းအနား တွင် လူ့အခွင့်အရေး ကော်မရှင်မှ ဒေါက်တာ ဉာဏ်ဇော် မိန့်ခွန်းပြောနေစဉ်။ ဓါတ်ပုံ (Facebook/Shin Thant)

LGBT လို့ခေါ်တဲ့ လိင်တူချင်း ချစ်သူတွေအပေါ် မုန်းတီးမှုကို ဆန့်ကျင်တဲ့ IDAHO နေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၁၇ရက်က ရန်ကုန်မြို့၊ စိမ်းလမ်းစိုပြေ ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လိင်တူချင်း ချစ်သူတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေ လှုပ်ရှားခွင့် ရလာပေမယ့်၊ လိင်တူချစ်သူတွေရဲ့ အခွင့်အရေး တိုးတက်မှု အပိုင်းမှာ အဟန့်အတားတွေ ရှိနေသေးတယ်လို့ အခမ်းအနား တက်ရောက်သူတွေက ပြောကြပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

မေလ (၁၇) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အိုင်ဒါဟို လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ အပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ မြန်မာနိုင်ငံ မြို့ရွာတွေမှာ လိင်တူချင်း ချစ်သူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုစည်းပြီး အခမ်းအနားတွေ ကျင်းပခဲ့ကြတာပါ။

ရန်ကုန်မြို့ စိမ်းလမ်းစိုပြေ ပန်းခြံမှာ ကျင်းပခဲ့တဲ့ အိုင်ဒါဟိုနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ ပက်သက်လို့တော့ အခမ်းအနား စီစဉ်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကာလာရန်းဘိုးအဖွဲ့က ကိုလှမြတ်က ခုလို ပြောပြခဲ့ပါတယ်။

“၁၇ရက်နေ့က ပွဲမှာ အဓိကက lesbian ကောင်မလေး တစ်ယောက်က သူ့ရဲ့ အတွေ့အကြုံကို ပြောပြတယ်။ သူ့မိသားစုကနေပြီးတော့ သူ့ကို lesbian ဖြစ်လို့ စိတ်ကျန်းမာရေး ဆေးရုံကို ခေါ်သွားပြီးတော့ နှစ်ပတ်လောက် အဲဒီမှာ ပစ်ထားတယ်။ ဆေးတွေလည်း စားခိုင်းတယ်။ စိတ်ရောဂါကု ဆရာဝန်ကြီးတွေ ကိုယ်တိုင်က သူ့ကို စိတ်ရောဂါသည်အဖြစ် သတ်မှတ်ပြီးတော့ အဲဒီမှာ ထားတယ်။ ဒီနေ့ပွဲရဲ့ theme ကလည်း “Mental health and well being” ဆိုတော့ ပွဲရဲ့ theme နဲ့လည်း ကိုက်တယ်ပေါ့။ အဲဒါကတော့ ပွဲရဲ့ highlight ပေါ့။ နောက် သြစတြေးလျ သံအမတ်လာပါတယ်။ နောက်ပြီးတော့ UN AIDS က country director လာပါတယ်။ နောက်တစ်ခု ထူးခြားတာက သြစတြေးလျ သံအမတ်က သူ့ကိုယ်သူ ကျွန်တော်သည် မြန်မာပြည်မှာရှိတဲ့ gay ambassador ပါဆိုပြီး မိတ်ဆက်ခိုင်းပြီးတော့ မိန့်ခွန်းပြောသွားခဲ့ပါတယ်။ နောက်တစ်ခုကလည်း လူမှုဝန်ထမ်း ဝန်ကြီးက ဒီပွဲကို တက်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ တကယ်တမ်း မတက်ဖြစ်ခဲ့ပေမယ့် ဒီလိုပွဲမျိုးကို ဝန်ကြီးအဆင့်က တက်မယ်လို့ ဖြစ်လာတာလည်း ကျွန်တော်တို့အတွက် အပြောင်းအလဲတစ်ခုလို့ ပြောလို့ ရပါတယ်။”

၁၉၉၀ပြည့်နှစ်က လိင်တူခြင်း ချစ်ခင်စုံမက်တာဟာ စိတ်ရောဂါ မဟုတ်တဲ့ အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ ကြေညာပြီး၊ စိတ်ရောဂါစာရင်းမှ တရားဝင် ထုတ်ပယ်ခဲ့တဲ့ မေလ ၁၇ရက်နေ့ကို အိုင်ဒါဟိုနေ့အဖြစ် သတ်မှတ်ပြီး၊ ကမ္ဘာတဝှမ်းက လိင်တူချင်းချစ်သူတွေက အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့တာ အခုနှစ်မှာ ၂၅နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်စဉ်ကျင်းပလာခဲ့တာ (၄) နှစ် ရှိပြီလို့ စီစဉ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေကို ကန့်သတ်ထားတဲ့ ဥပဒေတွေ ရှိနေသေးတဲ့ အကြောင်း ဒီအခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒေါက်တာ ဉာဏ်ဇော်က ခုလို ပြောသွားပါတယ်။

“အားလုံး ပြောပြောနေကြတဲ့ ပုဒ်မ ၃၇၇ ဆိုတာ ဒီ LGBT လူ့အဖွဲ့အစည်းကို ခွဲခြားနေတာပဲ ဖြစ်ပါတယ်။ ဒီပုဒ်မ အပြင် ရဲအက်ဥပဒေ လိူ့ ခေါ်တဲ့ ပုဒ် ၃၅ (ဃ)တို့၊ ၃၀ (ဃ) တို့ဟာလည်း LGBT တွေကို ဒုက္ခပေးနေတဲ့ ဥပဒေတွေ ဖြစ်နေတာ တွေ့ရပါတယ်။”

မြန်မာနိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဟာ လိင်တူချင်းချင်း လိင်ဆက်ဆံတာ အပါအဝင် သဘာဝမကျတဲ့ နည်းလမ်းနဲ့ လိင် ဆက်ဆံသူတွေကို ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ် စလုံးကို ဖြစ်စေ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ်။

အရင်အစိုးရ လက်ထက် ပြီးခဲ့တဲ့နှစ် သြဂုတ်လက လိင်တူချင်း ချစ်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးပြီး၊ ရဲစခန်းတွေမှာ ပညာပေးလုပ်ပြီးမှ ပြန်လွှတ်မယ့် အထူး စစ်ဆင်ရေး တစ်ခုကို လုပ်ဆောင်ဖို့ မန္တလေးတိုင်း လွှတ်တော်မှာ အမတ်တစ်ဦးက အဆို တင်သွင်းခဲ့ပါတယ်။ အဲဒီအချိန်က လူ့အခွင့်အရေး အဖွဲ့တွေက ဝိုင်း ကန့်ကွက်တဲ့အတွက် အဲဒီအဆို မအောင်မြင်ခဲ့ပေမယ့် ဒါဟာ အရင်အစိုးရနဲ့ လွှတ်တော်လို နိုင်ငံအဆင့် အဖွဲ့အစည်းတွေမှာတောင် လိင်တူချင်း ချစ်သူတွေကို မုန်းတီးစိတ်နဲ့ ပစ်မှတ်ထားပြီး ဖိနှိပ်လိုတဲ့ အထောက်အထား ဖြစ်တယ်လို့ လိင်တူ ချစ်သူ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

လက်ရှိအစိုးရရဲ့ လက်ထက်မှာ လိင်တူချင်းချစ်သူတွေရဲ့ အခွင့်အရေး တိုးတက်မှု အခြေအနေနဲ့ ပက်သက်လို့ ဘယ်လို မျှော်လင့်ချက် ရှိသလဲ ဆိုတာ ကိုလဲ ကာလာရိန်းဘိုး အဖွဲ့က ကိုလှမြတ်က ခုလို ပြောပြခဲ့ပါတယ်။

“ဒီနှစ်အစိုးရမှာတော့ ကျွန်တော်တို့ကတော့ ဒီအစိုးရ သည် ပြည်သူတွေက ရွေးကောက်ထားတဲ့ အစိုးရဖြစ်တယ်။ လူ့အခွင့်အရေး ကို လေးစား လိုက်နာတဲ့ အစိုးရဖြစ်တယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ အဲဒီအတွက် ဒီအစိုးရ လက်ထက်မှာတော့ လူ့အခွင့်အရေးနဲ့ ပက်သက်လို့ တိုးတက်လာမယ်လို့ကျွန်တော် မျှော်လင့်ထားတယ်။ အစိုးရသစ်သည် တရားဥပဒေ စိုးမိုးရေး rule of Law ကို အဓိက တိုးတက်အောင် လုပ်မယ့်အတွက် ဒီ တရားဥပဒေ စိုးမိုးရေး အောက်မှာပဲ အကုန်လုံး ခြုံငုံမိသွားမယ်လို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့လည်း ဒီလို ဖြစ်အောင် ကျွန်တော်တို့ ဘက်က လုပ်ရမယ့် တာဝန်တွေ ရှိတယ်ပေါ့လေ။ ဒီလိုဖြစ်အောင် အစိုးရနဲ့ ကျွန်တော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ လုပ်သွားဖို့တော့ ရှိပါတယ် ခင်ဗျ။”

ဒီနှစ် အိုင်ဒါဟိုနေ့ အခမ်းအနားကို မန္တလေးမြို့မှာလည်း ဂျက်ဖာဆင်စင်တာမှာ ကျင်းပခဲ့ပြီး၊ ပြည်မြို့မှာလည်း လိင်တူချစ်သူတွေကို ကိုယ်စားပြုတဲ့ ရိန်းဘိုးအလံ လွှင့်ထူပြီး၊ စီတမ်းလှည့်လည်ပွဲကျင်းပခဲ့ပါတယ်။ အလားတူ မုံရွာ၊ ထားဝယ် စတဲ့ မြို့တွေမှာလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG