သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်သဘောတူညီချက်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလမ်းဆုံ


စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ရေရှည်ခံမယ့် အပစ်ရပ်စဲရေးကို မျှော်လင့်တကြီးနဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး အားပေးထောက်ခံနေကြတဲ့ ကချင်ဒေသခံပြည်သူများ။
စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ရေရှည်ခံမယ့် အပစ်ရပ်စဲရေးကို မျှော်လင့်တကြီးနဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်ရေး အားပေးထောက်ခံနေကြတဲ့ ကချင်ဒေသခံပြည်သူများ။
ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ အစိုးရ နဲ့ NCCT ခေါ် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပါတယ်။ ဆွေးနွေးပွဲ ထုံးစံအတိုင်း မေလ ၂၂ ရက်နေ့ညမှာ ငြိမ်းချမ်းရေး ညစာစားပွဲတစ်ခု လုပ်ပါတယ်။ ပုံမှန်အားဖြင့် အစိုးရဘက်က ဝန်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ လွှတ်တော် အမတ်တွေ၊ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ စီးပွားရေးသမားကြီးတွေ၊ ရန်ကုန်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ စုံစုံညီညီ အုန်းအုန်းကျွက်ကျွက် တက်ရောက်လေ့ရှိပေမယ့် ဒီတစ်ခေါက်တော့ တက်ရောက်သူနည်းပြီး အတော်လေးကို ခြောက်သွေ့နေပါတယ်။ ဒါဟာ သဘာတူညီချက်တွေ ရဖို့ မနီးစပ်သေးဘူး၊ ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမယ်၊ ဒီထက်မက မကြာခင် ပဋိပက္ခတွေ ပြန်ပြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ အရိပ်လက္ခဏာများလား ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ခုတလော အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကိစ္စ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်း ရန်ကုန်မှာ အစိုးရနဲ့ NCCT ဆွေးနွေးပွဲတွေ လုပ်နေတုန်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကေအိုင်အေ ဘက်က ပစ်ခတ်လို့ အစိုးရတပ်က ဒုတပ်ရင်းမှူးတစ်ယောက် ကျဆုံးခဲ့ပါတယ်။ သိပ်မကြာခင် အစိုးရတပ် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သားတွေသေ၊ လက်နက်တစ်ချို့ ဆုံးရှုံးပါတယ်။ ဒီဖြစ်ရပ်အပေါ် အခြေခံပြီး အစိုးရတပ်ဘက်က နယ်မြေ စိုးမိုးရေး လုပ်ပါတယ်။ အရင် တိုက်ပွဲတွေ စဖြစ်စဉ်ကာလက ဆုံးရှုံးထားတဲ့ ကားလမ်းနှစ်လမ်းနဲ့ တရုတ် နယ်စပ်စခန်းကို ပြန်ထိမ်းချုပ်ဖို့ ကေအိုင်အေ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ပါတယ်။ ပြောရရင် တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။

နောက် တဆက်တည်း အစိုးရစစ်တပ်တွေက ဒုက္ခသည်စခန်းတွေထဲ ဝင်ပြီး ကေအိုင်အေလို့ မသင်္ကာသူတွေကို ရှာဖွေ ဖမ်းဆီးတာ လုပ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကချင်ပြည်နယ် ဝိုင်းမော်- ကမ်ပိုင်တီ ကားလမ်းမှာ အစိုးရဝန်ထမ်းတစ်ချို့ကို ကေအိုင်အေ တပ်က ဖမ်းဆီးခေါ်ဆောင်မှုတွေ ဖြစ်ပွားပါတယ်။ နောက် မြစ်ကြီးနား- မြစ်ဆုံသွားတဲ့ ကားလမ်းတစ်လျောက် ကျေးရွာတွေက လူငယ်တွေကို ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင် စစ်သားစုဆောင်းတာတွေ လုပ်ပါတယ်။ အဲလို အချိန်မှာ ကေအိုင်အို ဘက်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှု ပေါ်ပေါက်လာတာပါ။ အစိုးရဘက်ကလည်း ရန်ကုန်မှာ NCCT နဲ့ မဆွေးနွေးခင် မေလ ၁၅ ရက် မြစ်ကြီးနားမှာ တွေ့ဖို့ သဘောတူပြီး ဆွေးနွေးပွဲတွေ ကျင်းပပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဆွေးနွေးပွဲကို ခါတိုင်း တက်နေကြ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ သွားမတက်ပါဘူး။ အတွင်းသတင်းတွေအရ ကေအိုင်အိုရဲ့ လုပ်ရပ်အပေါ် မယုံကြည်လို့၊ စိတ်ဆိုး ဒေါသထွက်လို့- လို့ ဆိုပါတယ်။ ကေအိုင်အိုဟာ မရိုးသားဘူး၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ မဖြစ်မြောက်အောင် အချိန်ဆွဲတယ်၊ နိုင်ငံရေး အမြတ်ထုတ်တယ်၊ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးတယ်၊ ပုံမှန် အစိုးရတပ် စိုးမိုးထားတဲ့နေရာက ပြည်သူတွေကို ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းတယ် ဆိုပြီး စိတ်ဆိုးဒေါသထွက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်တွေကို မလွှတ်တော့ စစ်တပ်ဘက်က မြောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ ကချင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး အဆင့်လောက်ပဲ ပါလာပါတယ်။ ဒီလိုနဲ့ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲ ဘာမှ ထူးထူးခြားခြား တိုးတက်မှုမရှိဘဲ ပဋိပက္ခဖြေရှင်းရေး နှစ်ဘက် ညှိနှိုင်းရေး အဖွဲ့ ဖွဲ့မယ် ဆိုတာလောက်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ပြောရရင် အရင် ၂၀၁၃ ဆွေးနွေးပွဲတုန်းက ရခဲ့တဲ့ သဘောတူညီချက်တွေကို ထပ်လောင်း အတည်ပြုတာမျိုးကိုတောင် မလုပ်နိုင်ခဲ့ပါဘူး။

အခု မေလ ၂၂ ရက်နေ့ အစိုးရနဲ့ NCCT ဆွေးနွေးပွဲတွေလုပ်တော့လည်း အလားတူ အဖြစ်မျိုး ပြန်ပေါ်ပါတယ်။ ကေအိုင်အိုဘက်က ဗိုလ်ချုပ် ဂွမ်မော် မတက်ပါဘူး။ တတိယတန်း ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီးဆင်ဝါး အဆင့်လောက်ပဲ တက်ပါတယ်။ အရင် ဆွေးနွေးပွဲတွေတုန်းက NCCT ဘက်က ကိုယ်စားလှယ်တွော၊ ရုံးအဖွဲ့တွေ၊ အကူတွေ အပါအဝင် စုစုပေါင်း အယောက် ၄၀ လောက် ရန်ကုန်လာခဲ့ကြပေမယ့် အခုတစ်ခေါက် ၂၀ တောင်မပြည့်ပါဘူး။ အတော်လေးကို နည်းပါတယ်။ တိုင်းရင်းသားတွေဘက်က ပြောတာက ဒီဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ထဲ ထည့်သွင်းမယ့် အချက်တွေကို ဆွေးနွေးညှိနှိုင်းတာ၊ နည်းပညာ ကျွမ်းကျင်သူတွေက အဓိက ဖြစ်တယ်။ ဒါကြောင့် ဒီ ကိုယ်စားလှယ်တွေလောက်ပဲ တက်တာလို့ ဆိုပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ ဒါတင်မက တိုင်းရင်းသားတွေ ဘက်က ပြောနေကြတာ- လက်ရှိ အစိုးရနဲ့ အပစ်ရပ် စာချုပ်ထဲမှာ ထည့်သွင်းမယ့် အချက်တွေကို ညှိနှိုင်းနေကြတာ မှန်တယ်၊ အစိုးရဘက်ကလည်း ဒီအပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ရည်မှန်းချက်ကြီးတော့ အလျော့ပေးသင့် သလောက် အလျော့ပေးနေတာလည်း မှန်တယ်၊ ဒါပေမယ့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ NCCT သဘောတူထားတဲ့ စာချုပ်မူကြမ်းကို တကယ် အဆုံးအဖြတ်ပေးနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ အတည်ပြုချက် ယူရဦးမယ်လို့ ပြောဆိုနေကြပါပြီ။ ဒီအတွက် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်တဲ့ ထိပ်သီးအစည်းအဝေးပွဲကြီး တစ်ခု ကျင်းပနိုင်ရေး အစိုးရဘက်က ကူညီပေးပါဦးလို့ တောင်းဆိုနေပါတယ်။ လိုင်ဇာ အစည်းအဝေးလို၊ လော်ခီးလာ အစည်းအဝေးလိုမျိုးကို ဆိုလိုတာပါ။ ခြုံငုံပြီးပြောရရင် အစိုးရနဲ့ စစ်တပ်ဘက်က မျှော်လင့်နေသလို လာမယ့် သြဂုတ်လ နောက်ဆုံးထားပြီး တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခု လက်မှတ် ရေးထိုးနိုင်ရေး ဖြစ်မြောက်ချင်မှ ဖြစ်မြောက်မယ် ဆိုတဲ့ အရိပ်လက္ခဏာတွေ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ အခြားတစ်ဖက်မှာလည်း အစိုးရနဲ့ ကေအိုင်အို ဆက်ဆံရေး မကောင်း၊ တင်းမာနေတဲ့ အနေအထားအောက်မှာ ပြဿနာ အသေးလေးလောက်ကနေစ တိုက်ပွဲကြီးတွေ အချိန်မရွေး ပြန်ဖြစ်နိုင်ပြီး လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ထိခိုက်နိုင်စရာလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြေဇာပင်ဖြစ်ရမှာက ဒီနေ့ထက်ထိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ တိုင်းရင်းသားတွေ၊ ပြည်နယ်နဲ့ နယ်စပ်က တိုင်းရင်းသားတွေနဲ့ ပြည်မက ပြည်သူလူထု တစ်ရပ်လုံးပါ။ နှစ်ဖက် စစ်ဘုရင်တွေကတော့ အနေအစား ပျက်မှာ မဟုတ်ပါဘူး။ ဒီအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ပြီး သေနတ်သံတွေ တိတ်ဆိတ်သွားရလေအောင်၊ ပဋိပက္ခပြဿနာတွေကို လက်နက်ကိုင်တိုက်ခိုက်တဲ့ နည်းနဲ့မဟုတ်ဘဲ စားပွဲဝိုင်းပေါ် ဖြေရှင်းတဲ့ အခြေအနေဆီ ရောက်လာအောင် နိုင်ငံရေးသမားတွေ၊ လူမှုအဖွဲ့အစည်းတွေတင်မက တိုင်းရင်းသား ပြည်သူတွေကပါ ဝိုင်းဝန်း တိုက်တွန်း နှိုးဆော်ကြဖို့ လိုနေပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG