သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်ဖြစ်နေသေးကြောင်း ကုလမှာ IIMM တင်သွင်း


IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှုယန္တရားအကြီးအကဲ Nicholas Koumjian
IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှုယန္တရားအကြီးအကဲ Nicholas Koumjian

[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း ဆိုးဝါးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်ရှိနေပြီး ဒီလိုကျူးလွန်တာတွေအပေါ် ဘယ်ဥပဒေနဲ့မှ အရေးမယူနိုင် တာကြောင့် မြန်မာပြည်သူတွေအနေနဲ့ နစ်နာခံစားနေရတယ်လို့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှုယန္တရားအကြီးအကဲ Nicholas Koumjian က ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု စတဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တိုးများလာတယ်လို့လည်း IIMM အကြီးအကဲကပြောပါတယ်။ ကလေးငယ်တွေ မတရားဖမ်းဆီးခံရပြီး ညှင်းပမ်းနှိပ်စက်ခံရတာရှိသလို တချို့အခြေအနေတွေမှာ မိဘကိုဖမ်းမရလို့ ကလေးတွေကို ဓါးစားခံလုပ်တာမျိုးရှိတယ်လို့လည်း ပြောပါတယ်။ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦး ကို သေဒဏ်စီရင်သတ်ဖြတ်တာဟာ တရားဥပဒေကြောင်းအရ မဟုတ်သလို လွတ်လပ်တဲ့တရားစီရင်မှုမရဘဲ ပုန်းလျှိုးကွယ်လျှိုးစီရင်ခဲ့တာဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

IIMM အနေနဲ့ မြန်မာနိုင်ငံကိုသွားရောက်ပြီး သက်သေအထောက်အထားတွေ ရယူနိုင်ဖို့ ငြင်းဆန်ခံရပေမယ့်လည်း၊ IIMM ဟာ မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းနိုင်တာရှိသလို လူပုဂ္ဂိုလ်တဦးချင်းတွေ၊ အဖွဲ့အစည်းတွေက ပေးပို့တဲ့ သက်သေအထောက်အထားတွေကို ရယူနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး၊ ICJ နိုင်ငံတကာတရားရုံးက အမှုတွေအတွက်လည်း သက်ဆိုင်ရာ တရားရေး ဆောင်ရွက်သူတွေအတွက် အထောက်အထားတချို့နဲ့ သုံးသပ်ချက်တချို့ကို IIMM က ပြင်ဆင်ပေးပို့ခဲ့တယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဖွဲ့စည်းပေးထားတဲ့ IIMM အနေနဲ့ နှစ်စဉ်အစီရင်ခံစာကို အခု လူ့အခွင့်အရေးကောင်စီ မှာ တင်ပြခဲ့တာ ဖြစ်သလို အခုလို IIMM အကြီးအကဲ တင်ပြချက်အပေါ်မှာလည်း နိုင်ငံတချို့က တုံ့ပြန်ဆွေးနွေးကြရာမှာ အများစုကတော့ အပြုသဘော ကြိုဆိုကြပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်အပြီး အခုလို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးတွေ ဆောင်ရွက်လာတာဖြစ်ပါတယ်။ IIMM အနေနဲ့ ရိုဟင်ဂျာဖြစ်စဉ်အပါအဝင် အခြားနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ အထောက်အထား စုဆောင်းပြုစုဖို့ ကုလ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးခဲ့တာပါ။ မြန်မာစစ်ကောင်စီကတော့ IIMM ကိုလက်မခံသလို ပြည်တွင်းဝင်ရောက်စစ်ဆေးခွင့်တွေကိုလည်း ငြင်းပယ်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ICJ နိုင်ငံတကာတရားရုံး ကြားနာပွဲမှာတော့ တရားရုံး တရားသူကြီးတွေဘက်က IIMM ရဲ့ အချက်အလက်အတော်များများကို လက်ခံ ကိုးကား ဆုံးဖြတ်ထားတာတွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







XS
SM
MD
LG