သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီ မြန်မာအရေးအာရုံစိုက်အရေးယူဖို့ ကုလအထွေထွေညီလာခံ တောင်းဆို


UNGA
UNGA

[[Zawgyi/Unicode]]

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ဆက်လက်အာရုံစိုက် အရေးယူပေးဖို့ ကုလအထွေထွေညီလာခံက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့သားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေး၊ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အတင်းအဓမ္မရွှေ့ပြောင်းခံရသူတွေ ကိုယ့်ဆန္ဒနဲ့ ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိပြန်နိုင်မှု ရေရှည်တည်တံ့စေရေးတို့အတွက် ခိုင်မာတဲ့အကြံပြုဆောင်ရွက်ချက်တွေ လုံခြုံရေးကောင်စီက ဆက်လုပ်သွားဖို့ တောင်းဆိုချက်ပါတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီဇင်ဘာ ၁၅ ရက် ကြာသပတေးနေ့က ချမှတ်ခဲ့တာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံအနေနဲ့ အခုလို အတိအကျအချက်တွေ လုံခြုံရေးကောင်စီကို တောင်းဆိုထားတာထဲမှာ ရက်စက် လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်သူတွေအပေါ် တာဝန်ယူတာဝန်ခံမှုရှိလာအောင် အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ခန့်အပ်မှုကို ဆက်လက်သက်တမ်းတိုးဖို့၊ အထူးကိုယ်စားလှယ်အနေနဲ့ ၆ လတကြိမ်အစီရင်ခံဖို့အပြင် သူ့လုပ်ငန်းတွေပိုထိရောက်ရေး ဝိုင်းကူပေးဖို့ကိုလည်း ဆုံးဖြတ်ချက်ထဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို တောင်းဆိုထားပါတယ်။

ကုလလုံခြုံရေးကောင်စီနဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တို့ အနေနဲ့ ကုလရဲ့မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နဲ့ လူ့အခွင့်အရေးဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် Tom Andrews တို့နဲ့လည်း ဆက်ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိ အထူးကိုယ်စားလှယ် Noeleen Hayzer ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး အတွင်းရေးမှူးချုပ် António Guterres ကခန့်အပ်တာဝန်ပေးထားပါတယ်။

ကုလလုံခြုံရေးကောင်စီအနေနဲ့တော့ မြန်မာ့အရေး ပိုထိရောက်အောင် လက်တွေ့အရေးယူပေးရေးတောင်းဆိုချက်တွေအတွက် ရုရှားနဲ့တရုတ်တို့ ကန့်ကွက်ဟန့်တားမှုတွေ ဆက်ကြုံနေရတယ်လို့ ကုလဆိုင်ရာကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံမပြန်နိုင်သေးချိန်မှာ လက်ခံစောင့်ရှောက်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံအတွက် တာဝန်ခွဲယူတဲ့အနေနဲ့ ဝိုင်းကူပေးကြဖို့ကိုပါ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကုလအထွေထွေညီလာခံက တိုက်တွန်းခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

=================








XS
SM
MD
LG