သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် တရုတ် ၁၀၀၀ ကျော် နမ့်စန်မှာ ဖမ်းမိ


ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်
ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ ဖမ်းဆီးမိထားတဲ့ တရုတ်လူမျိုး ၁၀၀၀ ကျော်ကို နမ့်စန်ကနေ ဒီနေ့ စနေနေ့ မနက်က ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးမယ့်ပုံရှိနေပါတယ်။ လောလောဆည်မှာတော့ ဘယ်နေရာကနေ တရုတ်နိုင်ငံကို ပြန်ပို့မယ်ဆိုတာ မသိရသေးပေမယ့် ခိုလမ်လမ်းကနေ တန့်ယန်းဘက် ပို့ဆောင်မယ်လို့ ခန့်မှန်းရတဲ့အကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပေးပါမယ်။

ဇန်နဝါရီ ၂၃ ရက်နေ့က နမ့်စန်မြို့တဝိုက် နေရာ ၃ နေရာကနေ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၁၀၃၈ ဦး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူတို့ကို စစ်ဆေးပြီး ဥပဒေအရ ဆက်လက် ဆောင်ရွက်မယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီဖမ်းမိထားသူတွေကို ဒီနေ့ အစောပိုင်းက နမ့်စန်မြို့ကနေ ခေါ်သွားတယ်လို့ နမ့်စန်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ နမ့်စန်ကတော့ အဲဒီ တရုတ်တွေကို ဒီနေ့ ပို့ပြီ။ မနက် ၅ နာရီကတည်းက ကားတွေ ထိုးနေတယ်။ ပြည်သူ့စစ်တွေ အဖွဲ့တိုင်းက တဖွဲ့ ၁၀၀၊ ၁၀၀ ကျော်ထင်တယ် အဲဒါတွေနဲ့ ခြံရံပြီး သွားပို့မယ် ထင်တယ်။ ခိုလမ် လမ်းကနေ ..။ ”

ခိုလမ်လမ်းကနေ ခေါ်သွားတဲ့ တရုတ်လူမျိုးတွေကို တရုတ်နိုင်ငံဘက်ကို ဘယ်နေရာက လွှဲပေးမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ဒေသခံတချို့ ကတော့ မိုင်းလား ဒါမှမဟုတ် ဝနယ်ဘက်က တဆင့် တရုတ်နိုင်ငံကို လွှဲပြောင်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ နမ့်စန်မြို့ကို တရုတ်နိုင်ငံသားတွေ ထောင်နဲ့ချီပြီး တရားမဝင် ဝင်ရောက်လာတာဟာ အဖွဲ့အစည်း တခုခုက အာမခံပြီး ခေါ်ယူတာ ဖြစ်နိုင်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ ဒီမှာ ရောက်နေတာ ၂၀၀၀ ကျော်တယ်လို့တော့ ပြောတယ်။ အကုန်လုံးတော့ မမိဘူးပေါ့နော်။ ကျနော်မြင်တာကတော့ ဒါကြီးက အဖွဲ့အစည်း တခုခုက သယ်လာတဲ့ ပုံစံကြီးပဲဗျ။ ဒီလောက်လူကြီးကို ဒီဘက်ထိရောက်လာအောင်တော့ အဖွဲ့အစည်းက အာမခံပြီးတော့ မခေါ်လာရင်တော့ ဒီလောက်ကြီး ရောက်လာစရာအကြောင်း မရှိဘူး။ အဲဒါကတော့ တကယ့် စဉ်းစားစရာကြီးပဲ။ ”

အဖမ်းခံထားရတဲ့ တရုတ်နိုင်ငံသားတွေဟာ ဖမ်းခံထားရချိန်မှာတောင် အစားအစာကို အပြင်ကနေ မှာယူစားသောက်ပြီး ငွေကို ဖောဖောသီသီသုံးစွဲနိုင်သူတွေဖြစ်ကြောင်းနဲ့ ဒီကနေ့ ခေါ်သွားချိန်မှာလည်း နမ့်စန်လမ်းတလျောက်မှာ ငွေစက္ကူတွေကို ဖြန့်ကြဲချထားခဲ့တာမှာ ကောက်ယူရသူအချို့ သိန်းနဲ့ ချီရကြတယ်လို့ ပြောပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်တွေပေါ်ကနေ လိမ်ညာငွေရှာတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ တရုတ်နိုင်ငံသားတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လူအမြောက်အများ ဖျားယောင်း ခေါ်ဆောင်ခိုင်းစေခံရတာတွေရှိပါတယ်။ တရုတ်အစိုးရကလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို အဓိကလုပ်နေတယ်လို့ဆိုတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်နဲ့ ၉ ဦးကို ဖမ်းဝရမ်းထုတ်ထားသလို တရုတ်လက်ကို လွှဲပေးဖို့ တရုတ်အစိုးရက စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

သူတို့ ၁၀ ဦးကို နမ့်စန်လေတပ်မှာ စစ်ကောင်စီက ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ တချို့သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေဟာ သတင်းမှားတွေဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။ မြန်မာနိုင်ငံထဲမှာ အခြေစိုက်တဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရားမဝင်လာရောက်အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေထဲက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ၃ သောင်းကျော်ကို တရုတ်လက်ကို ပြန်လွှဲပေးခဲ့ပါတယ်။

XS
SM
MD
LG