သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာဖမ်းခံရတဲ့ထဲ တရားမဝင် မြန်မာနိုင်ငံသားတွေလဲပါ


မလေးရှားမှာ အဖမ်းခံရတဲ့ တရားမဝင်အလုပ်သမားများ
မလေးရှားမှာ အဖမ်းခံရတဲ့ တရားမဝင်အလုပ်သမားများ

မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားအလုပ်သမားတွေကို စီမံချက်နဲ့ ဆက်လက်ရှာဖွေ ဖမ်းဆီးနေရာမှာ မြန်မာနိုင်ငံသား နှစ်ရာနီးပါး အဖမ်းခံထားရတယ်လို့ အလုပ်သမားရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။ တရားဝင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းမရှိတဲ့ မလေးရောက် မြန်မာနိုင်ငံသားတွေဟာ ကျီးလန့်စာစားဘဝနဲ့ တောတောင်တွေထဲ ပုန်းအောင်းနေကြ ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ မလေးရှားရောက် မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ နောက်ဆုံးအခြေအနေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဇူလိုင်လ ၁ရက် ပြီးခဲ့တဲ့ စနေနေ့ကစပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စီမံချက်ချ ပိုက်စိတ်တိုက် ရှာဖွေဖမ်းဆီးနေရာမှာ အခုချိန်ထိဆိုရင် မြန်မာအလုပ်သမား နှစ်ရာနီးပါး အဖမ်းခံထားရတယ်လို့ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်နေသူ ကိုသီဟမောင်မောင်က VOA ကိုပြောပါတယ်။

“ဖမ်းတာကတော့ နေရာလေးတွေတော်တော်များများမှာ ရှိနေသေးတယ်ပေါ့နော် ကွာလာလမ်ပူအနီးတဝိုက်ကတော့ ပိုများတာပေါ့နော် မနေ့ကအထိတော့ ၁၁၇ ဦးတော့ သတ်မှတ်ထားတာပေါ့နော်။ ဒီကြားထဲထပ်ဖမ်းတဲ့စာရင်းအရတော့ အသေးစိတ်တော့မသိသေးဘူးခင်ဗျ။ စက်ရုံအလုပ်ရုံတွေပေါ့ ဆောက်လုပ်ရေးအပိုင်းပေါ့။ Construction တွေကိုဖမ်းတယ်။ တချို့ဆိုင်တွေဆိုရင် ဒီအချက်အပြုတ်ပိုင်းတွေမှာဆိုရင် ကျနော်တို့မြန်မာတွေ တော်တော်များများက အလုပ်လုပ်နေကြတယ်ပေါ့။ အဲဒီတော့ စားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ တချို့နေရာတွေဆိုရင်လည်း ဝင်တယ်ပေါ့ခင်ဗျ။”

တရားမဝင် အလုပ်သမားတွေကို တရားဝင် ငှားရမ်းနိုင်ဖို့အတွက် မလေးရှားအစိုးရက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလထဲမှာ နိုင်ငံခြားအလုပ်သမားတွေ အတွက် အလုပ်သမားမှတ်ပုံတင် E-card တွေကို ထုတ်ပေးခဲ့တာပါ။ အဲဒီကဒ် လျှောက်ထားခွင့်ဟာ ဇွန်လ ၃၀ နေ့က ကုန်ဆုံးခဲ့ပြီးနောက် မလေး(လဝက)က အဖမ်းအဆီးတွေကို စစ်ဆင်းရေးတခုသဖွယ် လုပ်လာတာဖြစ်ပါတယ်။ မလေးရှားပြည်တွင်း တရားမဝင်အလုပ်သမားတွေ လျှော့ချရေးအတွက် ဒီလိုအဖမ်းအဆီးတွေဖြစ် ဖြစ်လာရတာလို့ ကိုသီဟမောင်မောင်က သုံးသပ်ပါတယ်။

“E-card ဆိုတာကတော့ အရှည်ကတော့ Enforcement card ဆိုပြီးတော့ အစီအစဉ်ကို စလိုက်တယ်ပေါ့နော်။ အဓိကတော့ သူ့နိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမား illegal workers တွေကို လျော့ချဖို့ ကြိုးစားတာပေါ့နော်။ အဲဒီတော့ အဲဒီမှာလည်း ၂၃ ရာခိုင်နှုန်းလောက်ကို ကောက်ယူလို့ရတယ်ပေါ့နော် အဲဒီတော့ ဒီဟာကို အဓိကလုပ်ခြင်းအားဖြင့် သူ့နိုင်ငံမှာ illegal အလုပ်သမားတွေ လျော့ကျသွားမယ်။ တရားဝင်အလုပ်သမားတွေရှိမှ သူ့နိုင်ငံရဲ့ ဘက်ဂျတ်တခုလည်း မျှော်မှန်းထားတယ်ပေါ့နော်။ ဒီဟာတွေက ဖြစ်မလာတဲ့အတွက် အဖမ်းအဆီးကို ပိုက်စိပ်တိုက် သူတို့လိုက်ဖမ်းနေတဲ့ ပုံစံမျိုးခင်ဗျ။”

အလုပ်သမားမှတ်ပုံတင် E-card ကိုင်ဆောင်ထားသူတွေဟာ လာမယ့် ၂၀၁၈ ဖေဖေါ်ဝါရီလအထိ မလေးရှားနိုင်ငံထဲ တရားဝင်နေထိုင် သွားလာခွင့် ရမှာဖြစ်ပြီး ဒီတနှစ်တာကာလအတွင်း နိုင်ငံခြားအလုပ်သမားအနေနဲ့ မလေးအလုပ်ရှင်ရဲ့အကူအညီနဲ့ တရားဝင်အလုပ်သမား ဖြစ်အောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးလှတဲ့ လုပ်ငန်းဆောင်တာတွေကြောင့် E-card ကို မလျှောက်သူတွေလဲရှိပါတယ်။

ကွာလာလမ်ပူမြို့နားမှာနေတဲ့ ကိုဝင်းညွန့်ဟာ ကားစက်ပြင်ဆရာတဦးဖြစ်ပြီး တရားမဝင် အလုပ်သမားတဦးဖြစ်ပါတယ်။ သူ့တို့လိုလူတွေရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်လို့ ပြောပြပါတယ်။

“ကျနော်ကတော့ E-card လည်းမလုပ်ထားဘူး ဘာမှလည်းမရှိဘူး။ သူငယ်ချင်းမိတ်ဆွေတွေက ပြောတော့ ဒီနေ့ မနက်ပိုင်းကဆိုင်တွေကိုလိုက်ဝင်တယ်ပြောတယ်၊ စက်ရုံတွေဝင်တယ် ညပိုင်းတော့ သူတို့ပြောတော့ ၁ နာရီခွဲနဲ့ ၂ နာရီကြားဝင်မယ် မနက် ၄နာရီ- ၅ နာရီမှာ အပြတ်လုပ်မယ် ဝင်မယ်ပေါ့ အဲဒါဆိုတော့ မအိပ်တဲ့လူတွေက မအိပ်ဘူး ၊ တောထဲဝင်တဲ့လူတွေက တောထဲဝင်အိပ်ကြတာပေါ့နော်။ တခါတလေကျတော့ သူတို့က မစစ်ရင်လည်း မစစ်ဘူးပေါ့၊ စစ်ရင်တော့ ပေးပြီးသွားရတဲ့ ပုံစံမျိုးတွေရှိတယ်။”

မလေး(လဝက)ရဲ့ စီမံချက်ကြောင့် အဖမ်းခံရတဲ့ မြန်မာတွေဟာ မြန်မာပြည်ကို ပြန်ပို့ခံရမှာမှန်ပေမယ့် ဘယ်လိုအစီစဉ်တွေနဲ့ ပြန်ပို့မယ်ဆိုတာ ခုထိမသိရသေးဘူးလို့ ကိုသီဟမောင်မောင်က ပြောပါတယ်။

“ဖမ်းပြီးပြီဆိုရင် သူတို့ ၂ ပတ် ရမန်ကြီးပေးပြီးတော့ ၂ ပတ်ပြီးတာနဲ့ တရားရုံးတင်ပါတယ်။ တရားရုံးတင်ပြီးပြီဆိုရင် ထောင်အနည်းဆုံး ၃ လကျတာပေါ့နော် ၊ ထောင်ကနေပြီးတော့ ထိန်းသိမ်းရေးစခန်းတွေကို ပို့တယ်ပေါ့နော်။ ထိန်းသိမ်းရေးစခန်းရောက်ပြီဆိုရင် တာဝန်ခံတွေရယ် ၊ မြန်မာသံရုံးကအရာရှိတဲ့သူတွေရယ် ကျနော်တို့သွားပြီးတော့ နိုင်ငံသားမှန်ကန်မှုကို စိစစ်တယ်ပေါ့နော်။ မြန်မာနိုင်ငံသားမှန်တယ်ဆိုတာနဲ့ သံအမတ်ကြီးက CI ထုတ်ပေးတယ်ပေါ့နော် ။ CI ချပေးပြီးပြီဆိုရင် ကာယကံရှင်နဲ့ မိသားစုဝင်တွေက သူတို့အတွက် လေယာဉ်လက်မှတ်ခ ကျခံပြီးပြီဆိုရင် မြန်မာနိုင်ငံကို ပြန်ပို့လို့ရပြီပေါ့။ ဒါကတော့ ပထမ ကျနော်တို့ လုပ်ထုံးလုပ်နည်းအတိုင်းသွားတာပေါ့။ အခုက သူတို့ အခုမှ စပြီးဖမ်းတယ်ဆိုတော့ ဘယ်လိုဆက်ပြီးတော့ ဖြစ်လာမလဲဆိုတာကတော့ သူတို့သေချာအတိအကျ မကြေညာသေးဘူးပေါ့။”

နှစ်နိုင်ငံသဘောတူညီချက်အရ မလေးရှားကို Calling ဗီဇာနဲ့ လာရောက် အလုပ်လုပ်သူတွေထဲကနေ အလုပ်ရှင်နဲ့ အလုပ်သဘာဝကို မကြိုက်တာကြောင့် ထွက်ပြေးကြသူတွေရှိပြီး မလေးအလုပ်ရှင်က (လဝက)ကို သတင်းပို့ တိုင်ကြားကြတာကြောင့် အဲဒီလူတွေဟာ Black Lists ထဲမှာ အမည်ပေါက်နေကြပါတယ်။ ဒီလို အမည်းမဲစာရင်းမှာပါသူတွေ အဖမ်းအဆီးခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ်ဆိုရင် နောက်ထပ် ၅ နှစ်အတွင်း မလေးရှားနိုင်ငံကို ပြန်လာခွင့် မရှိဘူးဆိုတဲ့ သတ်မှတ်ချက်လဲ ရှိနေပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG