သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရဲဖမ်းစဉ် မြန်မာအမျိုးသမီးငယ်တဦး လှေကားပေါ်ကပြုတ်ကျသေဆုံး


မလေးရှားနိုင်ငံ၊ စီလင်ဂေါ ပြည်နယ်၊ Seri Kembangan (စီရီ ကန်ဘန်ငန်) မှာရှိတဲ့ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှား လဝက၊ ရဲတပ်ဖွဲ့တို့က အော်ပရာစီ စစ်ဆင်ရေးအရ ဝင်ရောက်စီးနင်း စစ်ဆေးဖမ်းဆီးခဲ့စဉ် ( ဇွန် ၁၄၊ ၂၀၂၃)
မလေးရှားနိုင်ငံ၊ စီလင်ဂေါ ပြည်နယ်၊ Seri Kembangan (စီရီ ကန်ဘန်ငန်) မှာရှိတဲ့ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှား လဝက၊ ရဲတပ်ဖွဲ့တို့က အော်ပရာစီ စစ်ဆင်ရေးအရ ဝင်ရောက်စီးနင်း စစ်ဆေးဖမ်းဆီးခဲ့စဉ် ( ဇွန် ၁၄၊ ၂၀၂၃)

မလေးရှားနိုင်ငံ Sunway မြို့မှာ တရားမဝင် နိုင်ငံခြားသားတွေကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာအမျိုးသမီးတဦး လှေကားပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူမရဲ့ဈာပနကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ကြောင်း နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) က VOA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးမှုတွေအတွင်း မြန်မာ ၈ ဦး ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ Sunway မြို့မှာ ပြီးခဲ့တဲ့ သီတင်းပါတ်က တရားမဝင်မြန်မာတွေ အလုပ်လုပ်ကိုင်နေတဲ့ ဆိုင်တဆိုင်ကို မလေးရှားရဲတွေက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ ရဲလက်ကလွတ်အောင် ထွက်ပြေးကြရင်းက ရန်ကုန်မြို့ခံ အသက် ၂၂ နှစ်အရွယ် မရွှေဇင်ထက်ဆိုတဲ့ အမျိုးသမီးငယ်တယောက် လှေခါးပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့တယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က VOA ကို ပြောပါတယ်။

"ဖြစ်တာကတော့ မြန်မာစားသောက်ဆိုင်ကို ရဲတွေဝင်တော့ နောက်ဖေးလှေခါးကနေ ပြုတ်ကျတယ်ပြောတယ်။ အော်ပရာစီ ဖမ်းတဲ့အချိန်မှာပေါ့ သူတို့သေပြီးမှ ကျနော်တို့က နာရေးကိစ္စတွေကိုကူညီတာပါ။ သူတို့ဆိုင်ကို အော်ပရာစီဝင်တဲ့အချိန်မှာ နောက်ကဆင်းပြေးတယ်။ ပထမ တယောက်ဆင်းတယ်၊ နောက်တယောက်ဆင်းတယ် လက်ကလွတ်ပြီး ပြုတ်ကျတော့ ပထမ တယောက်ကတော့ ပွဲချင်းပြီးပဲ။ အားလုံးပေါင်း ၈ ယောက်လောက် အဖမ်းခံရတယ်လို့ သူတို့ပြောတယ်။"

သေဆုံးသူ အမျိုးသမီးငယ်ရဲ့ရုပ်အလောင်းကိုတော့ မနက်ဖန် ဇူလိုင်လ ၃၀ ရက်နေ့မှာ သင်္ဂြုလ်ဖို့ စီစဉ်ထားတယ်လို့ ပြောပြပါတယ်။ မလေးရှားနိုင်ငံမှာ ဆိုင်ဖွင့်ခွင့် လက်မှတ်မရှိဘဲ၊ မြန်မာတွေက စားသောက်ဆိုင်တွေ ဖွင့်ထားတာရှိသလို အဲဒီဆိုင်တွေမှာ တရားမဝင်နေထိုင်သူတွေကို အလုပ်တွေ ပေးထားတာကြောင့် အော်ပရာစီလို့ ပြောကြတဲ့ အဖမ်းအဆီးတွေကို ရဲတွေက လုပ်လေ့ရှိပါတယ်။ အဲဒီလို ဖမ်းတဲ့အခါမျိုးကျရင် အများအပြား အဖမ်းခံရလေ့ ရှိတယ်လို့ ကိုသက်က ပြောပြပါတယ်၊

"မြန်မာစားသောက်ဆိုင်တွေ၊ ကာရာအိုကေ ကေတီဗွီလိုမျိုး မလေးရှားမှာ မြန်မာတွေ ဖွင့်ကြတယ်။ တချို့ကတော့ လိုင်းကြေးတွေ ပေးထားတယ်။ အဆင်ပြေကြတာရှိတယ်။ တချို့က လိုင်းကြေးပေးထားပေမယ့် အထက်က ဝင်ချင်တာလည်း ရှိတယ်။ မြန်မာဆိုင်တွေကတော့ ကြားနေရတယ်။ အဖမ်းအဆီးက နှစ်တိုင်းလိုလိုပါပဲ။"

အခုလို ရဲက ဝင်ဖမ်းချိန် အသက်သေဆုံးသူ ဖမ်းဆီးခံရသူတွေ ရှိနေချိန်မှာပဲ၊ ဒီသီတင်းပတ်ထဲမှာပဲ Johor ပြည်နယ်ထဲက Yong Peng မြို့မှာ အလုံပိတ်ကားတဲ့ အိပ်နေသူ၊ မြန်မာ ၃ ယောက် သေဆုံးသွားပါတယ်။ ရပ်ထားတဲ့ အလုံပိတ်ကားထဲမှာ သတိလစ်ပြီး သေဆုံးခဲ့တာ ဖြစ်ခဲ့တာဖြစ်တယ်လို့ နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က ဆက်ပြောပြပါတယ်။

"ပန်တင်းကနေ ပြန်လာတော့ ကားထဲမှာ ရပ်ပြီးအိပ်နေတာ ၃ ယောက်လုံး သေတယ်လို့တော့ မလေးရှားသတင်းမှာပါတယ်။ ကားထဲမှာပဲ သေသွားတယ်လို့ဆိုတယ်။ ကားမှန်မဖွင့်ဘဲ အိပ်လိုက်တာလို့ ပြောတယ်။ ပန်တင်းဘက်က လမ်းတွေကလည်း အေးတယ်လေ၊ အဲဒါ ကားထဲမှာပဲသေသွားတယ်လို့ သတင်းကြားပါတယ်။"

သေဆုံးနေတဲ့ မြန်မာနိုင်ငံသား သုံးဦးဟာ ကာဗွန်မိုနောက်ဆိုဒ် (CO) အဆိပ်သင့်ပြီး သေဆုံးတာလို့မလေးအာဏာပိုင်တွေက လတ်တလော မှတ်ချက်ချထားပါတယ်။ ကားပြူတင်းပေါက်တွေ ပိတ်ထားပြီး ကားအင်ဂျင်နဲ့ လေအေးပေးစက်ကို ဖွင့်ထားတာ တွေ့ရတဲ့အတွက် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး သေဆုံးခဲ့တာလို့ ကနဦး စစ်ဆေးချက်တွေမှာ ဖော်ပြပါတယ်။ သူတို့သေဆုံးမူနဲ့ပတ်သက်လို့တော့ နောက်ထပ် အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG