မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ လူမှုရေး တရားမျှတမှုတွေ ပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးဖို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးကို မြန်မာ့ဒီကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့ လိုအပ်သလို မြန်မာအလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အခွင့်အရေးနဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ ရဖို့ လိုအပ်တဲ့အကြောင်း ILO အလုပ်သမား အဖွဲ့ချုပ်ကြီးရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံကို ဒီနေ့ တနင်္လာနေ့ ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
တခါက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ဒေသတွင်းမှာ နောက်အကျဆုံး တိုင်းပြည်တခု ဖြစ်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ အားလုံး တခုနဲ့တခု ဆက်နွယ်နေတယ် ဆိုတာကို ILO မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတာဝန်တွေက မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကြိုးပမ်းရင်း ကလေးစစ်သား စုဆောင်းတာတွေအပြင် ဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်ရရေး ကိစ္စတွေကို ILO အနေနဲ့ မလွှဲသာ မရှောင်တာ ပါဝင် ဆောင်ရွက်လာရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။
တိုင်းပြည်တပြည်ရဲ့ တိုးတက်မှုဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိမှု အပေါ်မှာ မူတည်တဲ့ အကြောင်းနဲ့ ILO မျှော်မှန်း ယုံကြည်တဲ့အတိုင်း နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်တိုင်းပြည်မဆို နောက်ကျ ကျန်မနေဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ နောက်ကျ ကျန်မနေအောင် ဝိုင်းဝန်းကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် မေတ္တာရပ်ခံ သွားပါတယ်။
ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ လူမှုရေး တရားမျှတမှုကို အခြေခံပြီး တည်ဆောက်ရမယ်ဆိုတဲ့ ILO ရဲ့ မူလ ကြေညာချက်နဲ့ ရပ်တည်ချက်ပါ အချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်အောင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတွေ အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။