သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မအလုပ်ခိုင်းမှုကြောင့် သန်းထောင်ချီ အမြတ်စွန်းရှိဟု ILO ထုတ်ပြန်


အဓမ္မအလုပ်ခိုင်းစေမှုကနေ တနှစ် တနှစ်ကို တရားမဝင် ရရှိနေတဲ့ အကျိုးအမြတ်က ဒေါ်လာ ၁၅၀ ဘီလီယံလောက်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ပြောလိုက်ပါတယ်။

အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ စီးပွားရေး၊ အကျိုးအမြတ်နဲ့ ဆင်းရဲမွဲတေမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ILO က အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာမှာ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ ကဏ္ဍစုံ စီးပွားရေးလုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေမှုကနေ အကျိူးအမြတ်တွေ တရားမဝင် ရရှိနေကြတာကို မီးမောင်းထိုး ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကနေ တနှစ်ကို ဒေါ်လာ ၉၉ ဘီလီယံ အကျိုးအမြတ်တွေ ရနေကြသလို၊ အိမ်အကူ၊ လယ်ယာစိုက်ပျိုးရေးနဲ့ တခြား လုပ်အား အမြတ်ထုတ်မှုကနေ တနှစ်ကို ဒေါ်လာ ၅၁ ဘီလီယံ ရရှိနေတယ်လို့ ILO က ခန့်မှန်းပါတယ်။

အဓမ္မအလုပ်ခိုင်းတာတွေ တိုက်ဖျက်ဖို့အတွက် ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းအရင်းတွေကို နားလည်ဖို့ လိုအပ်တယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Guy Rider က ဗွီဒီယိုသတင်းစကားထဲမှာ ပြောကြားထားပါတယ်။

အဓမ္မအလုပ်ခိုင်းစေမှုကို တိုက်ဖျက်နိုင်ဖို့က အဓမ္မအလုပ်ခိုင်းခံရတဲ့ အခြေအနေရောက်အောင် တွန်းပို့နေတဲ့ လူမှုစီးပွားအခြေအနေတွေကို ထည့်တွက်ဖို့ လိုအပ်ပါတယ်။ အဓမ္မအလုပ်ခိုင်းစေချင်သူတွေဘက်ကိုရော အခိုင်းခံရသူတွေဘက်ကိုပါ နားလည်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Guy Rider က ပြောသွားတာပါ။

၂၀၁၂ ခုနှစ်က ILO က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပေါ်မှာ မူတည်ပြီး ခန့်မှန်းချက် ထုတ်ပြန်တာမှာ ကမ္ဘာတဝှမ်းမှာ လက်ရှိ အဓမ္မ အလုပ်ခိုင်းစေခံနေရသူပေါင်း ၂၁ သန်း ရှိနေတယ်လို့ ခန့်မှန်းပါတယ်။ အဲဒီထဲမှာ ထက်ဝက်ကျော်က အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်။

ILO ရဲ့ သုံးသပ်ချက်အရ ဝင်ငွေမလုံလောက်တာနဲ့ ဆင်းရဲမွဲတေတဲ့ အခြေအနေတွေက အတင်းအကျပ် အလုပ်အခိုင်းခံကြရတဲ့အဖြစ်ကို ရောက်ရတဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ အစိုးရတွေကိုယ်တိုင်က အဓမ္မလုပ်အားပေး ခိုင်းစေတာတွေ ကမ္ဘာမှာ ကျဆင်းလာနေတယ်လို့လည်း ILO ရဲ့ အစီရင်ခံစာသစ်ထဲမှာ ထောက်ပြထားပါတယ်။
XS
SM
MD
LG