သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေး ILO ဆွေးနွေးမည်


မြန်မာပြည် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေး ILO ဆွေးနွေးမည်

မြန်မာနိုင်ငံဟာ အလုပ်သမားရေး လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ဖိနှိပ်နေပြီးတော့ အလုပ်သမားသမဂ္ဂ ရပ်တည်ခွင့်ကို ဥပဒေအရလည်း အကာအကွယ် မပေးနိုင်ဘူးလို့ ITUC ခေါ် နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က အပြစ်တင်လိုက်ပါတယ်။ အလုပ်သမားရေး လှုပ်ရှားသူတွေကိုလည်း ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အလုပ်သမားသမဂ္ဂ လွတ်လပ်စွာ ရပ်တည်ခွင့်ကို ကန့်သတ်တာ၊ အထူးသဖြင့် FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ကို မတရားအသင်း သတ်မှတ်ထားတဲ့အပေါ်မှာ ITUC က မြန်မာအစိုးရကို ပြစ်တင်ဝေဖန်ထားပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့ အလုပ်သမား သမဂ္ဂများ အခွင့်အရေး ချိုးဖောက်ခံရမှု နိုင်ငံတကာ အခြေအနေ စစ်တမ်း ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အခုလို ထည့်သွင်းဖော်ပြထားတာပါ။

အဲဒီစစ်တမ်းမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂ ရပ်တည်ခွင့် မရတဲ့ အခြေအနေကို အဓိက မီးမောင်းထိုးပြထားတယ်လို့ ဒီစစ်တမ်းကို ရေးဆွဲတဲ့ အဓိက ညှိနှိုင်းရေးမှူး နာဒင်း ထီဇန်နက် (Nadine Thezenet) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေကို ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ဆက်ပြီး ရှိနေတုန်းပါ။ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ဟာလည်း မြန်မာနိုင်ငံထဲမှာ မတရားအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူတို့ဟာ အလုပ်သမား သမဂ္ဂ တရပ်လို ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်ပါဘူး။ ဒီကိစ္စဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခုလေ့လာချက်မှာ အဓိက စိုးရိမ်မိတဲ့ အချက်တွေပါ။”

FTUB အဖွဲ့ဟာ အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆက်နွယ်ပတ်သက်မှု ရှိတယ် ဆိုပြီးတော့ မြန်မာအစိုးရက မတရားအသင်း ကြေညာထားပါတယ်။ ဒါကြောင့် ဒီအဖွဲ့နဲ့ ဆက်နွယ်သူတွေကို အလုပ်သမားရေး လှုပ်ရှားမှုကြောင့် မဟုတ်ဘဲ မတရားအသင်း ဆက်နွယ်မှုတွေနဲ့ အရေးယူတာ ဖြစ်တယ်လို့ မြန်မာအစိုးရဘက်ကတော့ အကြောင်းပြစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ FTUB ကတော့ သူတို့ဟာ အကြမ်းဖက် အဖွဲ့အစည်း မဟုတ်ဘဲ သူတို့လှုပ်ရှားမှုကို ချိုးနှိမ်လိုတဲ့သဘော အခုလို လုပ်တာလို့ မြင်ထားပါတယ်။ ဘယ်လိုပဲပြောပြော FTUB အဖွဲ့ကိုတော့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရော၊ ITUC နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ကပါ မြန်မာနိုင်ငံရဲ့ တရားဝင် အလုပ်သမား သမဂ္ဂသဘော သတ်မှတ်ထားတယ်လို့ မစ်စ် နာဒင်းက ပြောပါတယ်။

“နှစ်အတန်ကြာကတည်းက ခုအချိန်အထိ ILO နဲ့ ITUC တို့ဟာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ကို တရားဝင် အလုပ်သမား သမဂ္ဂတရပ် အနေနဲ့ ထောက်ခံထားပါတယ်။ ဒီအဖွဲ့ဟာ မြန်မာအစိုးရ ပြောသလို မတရားအသင်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီအဖွဲ့ဟာ အလုပ်သမား သမဂ္ဂတရပ် အဖြစ်နဲ့ တဖြည်းဖြည်း တရားဝင်ရပ်တည်၊ ပုံမှန်လည်ပတ်သွားနိုင်ဖို့ လိုမယ်လို့ သတ်မှတ်ထားပါတယ်။”

အခုလို အလုပ်သမား သမဂ္ဂ အခွင့်အရေး ဆုံးရှုံးခံရမှုတွေနဲ့ ပတ်သက်လို့ အခု ဂျနီဗာမှာ ကျင်းပနေတဲ့ ILO ညီလာခံ ဒီနေ့နဲ့ မနက်ဖြန်မှာ တကမ္ဘာလုံး အခြေအနေကို အသေးစိတ် ဆွေးနွေးကြမှာပါ။ မြန်မာနိုင်ငံ အကြောင်းရပ်ဟာ အဲဒီဆွေးနွေးပွဲမှာ စိုးရိမ်တကြီး ဆွေးနွေးကြရမယ့် ကိစ္စတခု ဖြစ်တယ်လို့လည်း ITUC စစ်တမ်းပြုစုသူ မစ်စ် နာဒင်းက ပြောပါတယ်။

“အခုဆိုရင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ညီလာခံကြီး ကျင်းပနေပါတယ်။ နှစ်တိုင်းလိုလိုမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ အခု အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကိစ္စ အထူးဆွေးနွေးပွဲ လုပ်ပါလိမ့်မယ်။ အဲဒီမှာ ITUC ဘက်ကရော မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ဘက်ကပါ တင်ပြကြပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံ အရေးကိစ္စဟာ ILO ညီလာခံကြီးထဲမှာ စိုးရိမ်တကြီး ဆွေးနွေးစရာတခု ဖြစ်နေပါတယ်။”

ITUC အနေနဲ့ကတော့ ဒီပြဿနာတွေကို ILO ကတဆင့် မြန်မာအစိုးရကို ဖိအားပေး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အလုပ်သမား သမဂ္ဂ အခွင့်အရေးတွေကို ဖွဲ့စည်းပုံသစ်ထဲမှာရော ဥပဒေအရရော အကာအကွယ်ပေးနိုင်ဖို့ ပြင်ဆင်ရေးဆွဲရေး တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။ ITUC အနေနဲ့ အခုလို အလုပ်သမား သမဂ္ဂ လှုပ်ရှားမှု အခွင့်အရေးတင် မဟုတ်ဘဲ မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု ကိစ္စတွေကိုလည်း မပြတ် စောင့်ကြည့်နေပါတယ်လို့ မစ်စ် နာဒင်းက ပြောပါတယ်။

“ကလေးစစ်သားနဲ့ အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှု ကိစ္စတွေကိုလည်း ITUC အနေနဲ့ ဆက်ပြီး စောင့်ကြည့် လေ့လာနေပါတယ်။ အထူးသဖြင့် အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်လို့ ILO ဘက်က အထူးစိုးရိမ်ကြောင်း ဖော်ပြထားပြီး မြန်မာအစိုးရ ဖွဲ့စည်းပုံသစ်မှာပါ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြင်ဆင်ရေးသားဖို့ တောင်းဆိုထားပါတယ်။”

ITUC နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ထဲမှာ FTUB ဟာ အဖွဲ့ဝင်အနေနဲ့ ရှိထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့တော့ FTUB ကိုပဲ အလုပ်သမား သမဂ္ဂ အနေနဲ့ တရားဝင် အသိအမှတ် ပြုထားပြီး လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ မြန်မာနိုင်ငံထဲမှာ တရားဝင် ရပ်တည်နိုင်ရေး ILO ကတဆင့် တွန်းအားပေး ဆောင်ရွက်နေတာပါ။

မနက်ဖြန်ကျရင်တော့ မြန်မာနိုင်ငံတွင်း လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂ ဖွဲ့စည်း ရပ်တည်နိုင်မှု အခြေအနေကို ILO ညီလာခံအတွင်းမှာ ဆွေးနွေးဖွယ် ရှိနေပါတယ်။

XS
SM
MD
LG