သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဓမ္မလုပ်အားပေး ပပျောက်ရေး လုပ်ဆောင်ဖို့ မြန်မာ နှေးကွေးဆဲ


အဓမ္မလုပ်အားပေး ပပျောက်ရေး လုပ်ဆောင်ဖို့ မြန်မာ နှေးကွေးဆဲ
အဓမ္မလုပ်အားပေး ပပျောက်ရေး လုပ်ဆောင်ဖို့ မြန်မာ နှေးကွေးဆဲ

ဂျီနီဗာမြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ အကြိမ် ၁၀၀ မြောက် အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က အထူး အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။ ILO အစည်းအဝေး တက်ရောက်လာသူတွေက မြန်မာနိုင်ငံထဲမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဆက်ရှိနေတာ၊ ကလေးစစ်သား ဆက်ပြီး စုဆောင်းနေတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ရဲ့ အကြိမ် ၁၀၀ မြောက် အစည်းအဝေးကို ဇွန်လ ၁ ရက်နေ့ကစပြီး ဆက်တိုက် ကျင်းပနေရာမှာ ၄ ရက်နေ့ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေး တရပ်ကို ကျင်းပခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ILO က ထုတ်ပြန်ထားတဲ့ ပဋိညာဉ်စာတမ်း အမှတ် ၂၉ နဲ့ ပတ်သက်ပြီး ဘယ်လောက် လိုက်နာမှုရှိတယ် ဆိုတဲ့ ဆန်းစစ်မှုတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Steve Marshall) တင်သွင်းတဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက စိတ်ဝင်တစားနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ မာရှဲလ်က မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သား စုဆောင်းမှုတွေ အခုထိ ဆက်ပြီး ရှိနေသေးကြောင်း၊ အဓမ္မလုပ်အား ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေကို ဆက်ပြီး ရနေသေးသလို အဓမ္မလုပ်အား ခိုင်းစေမှု ပပျောက်ရေး သင်တန်းတွေ ပေးနေပေမဲ့ အကန့်အသတ်တွေ များနေတယ်လို့ ပြောပါတယ်။

“မြန်မာအစိုးရနဲ့ ILO က လုပ်ဆောင်ရာမှာ အစိုးရဘက်က အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ကြိုးပမ်းမှုအတွက် ပေါ်လစီတွေ ချမှတ်ထားတာ ရှိပေမဲ့ တိုးတက်မှုက နှေးကွေးနေတာကို တွေ့ရပါတယ်။ လူတွေက ဒီဥပဒေအကြောင်းကို ပိုပြီး နားလည်လာကြသလို ဒေသခံ အာဏာပိုင်တွေကလည်း ဥပဒေ ချိုးဖောက်ရင်၊ မလိုက်နာရင် အရေးယူခံရမှာကို သဘောပေါက်ကြပါတယ်။ ဒါပေမဲ့ ILO က တိုက်တွန်းမှ လုပ်တာကို တွေ့ရပြီး ကိုယ့်အသိနဲ့ကိုယ် လုပ်ကိုင်တာမျိုး နည်းနေတာကို တွေ့ရပါတယ်။

“ဒါ့အပြင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး နိုးနိုးကြားကြား ရှိဖို့ ဆောင်ရွက်ကြတဲ့ စုစုနွေး အပါအဝင် လှုပ်ရှားတဲ့သူ ၄ ယောက် အဖမ်းခံထားရဆဲကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တံတားဆောက်၊ လမ်းဖောက် စတဲ့ လုပ်ငန်းတွေမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ၊ ကလေးစစ်သား အသုံးပြုမှုတွေ စတာတွေ ပပျောက်ရေးအတွက် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုအပ်နေပါတယ်။”

ILO ဌာနေကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံတဝန်း ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ မနိုင်မနင်း ဖြစ်နေတာမို့ အကူအညီ ပေးနိုင်မယ့်သူ ထပ်ပြီး တိုးပေးဖို့ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ITUC နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်တဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကလည်း မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အား ခိုင်းစေမှုတွေ အခုထိ ဆက်ပြီး ရှိနေသေးတာကို တင်ပြခဲ့တယ်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“ကျနော်တို့ တင်ပြတာက အဓမ္မ လုပ်အားပေးမှုက နည်းတော့သွားတယ်၊ လုံး၀ ပပျောက်မှု မရှိသေးဘူး။ တိုင်းနဲ့ပြည်နယ်တွေမှာ ဖြစ်နေတဲ့ ကိစ္စတွေက ဆက်လက်ပြီး ILO ဌာနေ ကိုယ်စားလှယ်ဆီကို အစီရင်ခံစာတွေ သွားထားတဲ့ ဆန်းစစ်နေတဲ့ ကိစ္စတွေ ရှိတဲ့အတွက် အဓမ္မ လုပ်အားပေးဆိုတာ မပပျောက်သေးဘူးဆိုတဲ့ ကိစ္စကို ကျနော်တို့ တင်ပြတယ်။

“ကလေးစစ်သား ၇၀ ကျော် အိမ်ကို ပြန်ပို့နိုင်တယ်လို့ ILO က ပြောထားတဲ့ အတွက်ကြောင့် ကျနော်တို့က အဲဒါကိုပဲ ထောက်ပြပါတယ်။ ကလေးစစ်သား ၇၀ ကျော်ကို ဖမ်းခဲ့တယ်ဆိုတာ သိပါတယ်။ ဒီ့အပြင် မိဘတွေက တိုင်ကြားထားတဲ့ တခြား Case တွေပေါ့၊ အဲဒါတွေက ရှိနေသေးတဲ့ အတွက်ကြောင့် ကလေးစစ်သား ခေါ်တဲ့ကိစ္စတွေ မပပျောက်သေးဘူး။ အဓမ္မ လုပ်အားပေး ကိစ္စတွေ မပပျောက်သေးဘူး။ ဒါကြောင့် ထပ်ဆင့်နားလည်မှုဆိုတာ ထိုးတာ ကောင်းတော့ကောင်းတယ်။ အဓိကကတော့ Commission of Enquiry သက္ကရာဇ် ၂၀၀၀ တုန်းက လုပ်ခဲ့တဲ့ စုံစမ်းရေး စစ်ဆေးရေး ကော်မရှင်က ပြောထားတဲ့ ကိစ္စတွေကို လုပ်ဖို့က အဓိကကျတယ်။ ဒါမှသာလျှင် အဓမ္မ လုပ်အားပေးမှု ပပျောက်မယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ဘက်က တင်ပြခဲ့ပါတယ်။”

မြန်မာအစိုးရဘက်ကတော့ ရန်ကုန် ILO ရုံးခွဲနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်းနဲ့ အဓမ္မ ခိုင်းစေမှုတွေ နည်းပါးသွားကြောင်း ပြောကြားခဲ့တဲ့အပြင် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ပြောင်းလဲဖို့အတွက် ILO က ပြောကြားထားတဲ့ ကိစ္စအတွက် ခေါက်ဆွဲထုပ် ပြုတ်စားသလို လွယ်မှာမဟုတ်ကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ILO ရဲ့ ညီလာခံတွေမှာ ပုံမှန်အားဖြင့် အစိုးရ ကိုယ်စားလှယ်၊ လုပ်ငန်းရှင် ကိုယ်စားလှယ်နဲ့ အလုပ်သမား ကိုယ်စားလှယ်အဖြစ် အဖွဲ့ ၃ ဖွဲ့က တက်ရောက်ပြီး နိုင်ငံတခုချင်းစီရဲ့ အလုပ်သမားရေး ကိစ္စတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အခု မြန်မာ့အရေး အထူးအစည်းအဝေးကိုတော့ အစိုးရအဖွဲ့ ကိုယ်စားလှယ်၊ လုပ်ငန်းရှင် ကိုယ်စားလှယ် အဖြစ်နဲ့ ဒေါ်ခိုင်ခိုင်လွင် တက်ရောက်ခဲ့ပေမဲ့ အလုပ်သမား ကိုယ်စားလှယ်တော့ စေလွှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ကန့်သတ် ချုပ်ချယ်မှုတွေ ရှိနေသေးတာကို ပြနေတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

“အလုပ်သမား ကိုယ်စားလှယ် မပါလာဘူးဆိုတာ နိုင်ငံတခုရဲ့ အဖွဲ့အစည်းမှာ ဖွဲ့စည်းပုံ မပြည့်ဘူး ဆိုတာကိုတော့ ကျနော်တို့ အနေနဲ့ ကန့်ကွက်စာ တင်ထားပါတယ်။ ဒါကတော့ ဒီအပတ်ထဲမှာ ဆွေးနွေးဖြစ်မှာပါ။”

လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုင်ရာ အစည်းအဝေး ကျင်းပတဲ့အခါ မြန်မာနိုင်ငံတွင်း အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ရရေးအတွက် အထူး တောင်းဆိုသွားမယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

ILO အဖွဲ့ချုပ်ကတော့ ၁၉၉၈ ခုနှစ် စုံစမ်းရေး ကော်မရှင်က အကြံပြုထားတဲ့အတိုင်း ILO ပဋိညာဉ်စာတမ်းကို အခုထိ မြန်မာနိုင်ငံ မလိုက်နာနိုင်သေးတာအတွက် ဝမ်းနည်းရတယ်လို့ ၄ ရက်နေ့ အစည်းအဝေးအပြီး ဆုံးဖြတ်ချက် စာတမ်းမှာ ဖော်ပြထားသလို မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အား ခိုင်းစေမှုတွေ ပပျောက်စေဖို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ဆောင်ရွက်ဖို့ ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေ အနေနဲ့ အဓမ္မလုပ်အား ခိုင်းစေတာမျိုး မရှိစေဖို့ အထူးဂရုစိုက်ဖို့လည်း သတိပေးခဲ့ပါတယ်။

XS
SM
MD
LG