သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှု ILO စိုးရိမ်


မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှု ILO စိုးရိမ်
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှု ILO စိုးရိမ်

မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်မှုမှာ အရပ်ဘက် ဒေသအာဏာပိုင်တွေဘက်က ဒီအပေါ်မှာ သတိပြု အလေးထားလာကြပေမဲ့ စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှု တိုးတက်လာတာ မတွေ့တဲ့အတွက် အလွန်အမင်း စိုးရိမ်စရာ ဖြစ်တယ်လို့ ILO ရန်ကုန်ရုံး တာဝန်ရှိသူက ပြောလိုက်ပါတယ်။ အထူးသဖြင့် အစိုးရ ထိပ်ပိုင်းရဲ့ ကတိကဝတ်တွေ၊ ဥပဒေ အကောင်အထည် ဖော်မှုတွေနဲ့ အောက်ခြေ လက်တွေ့ပိုင်း ဆောင်ရွက်မှု ကွာဟမှုတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး အနေနဲ့ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကိစ္စကို အဓိက ကိုင်တွယ်တဲ့ နေရာမှာ ကိုယ်တိုင် လိုက်လံ စုံစမ်းတာထက် တိုင်ကြားချက်တွေအပေါ် အဓိက အခြေခံရတာ ဖြစ်ပါတယ်။ အသက်မပြည့်တဲ့ ကလေးစစ်သား စုဆောင်းမှုတွေကိုလည်း ဒီခေါင်းစဉ်အောက်မှာပဲ ထည့်ပြီး ကိုင်တွယ် ဖြေရှင်းပေးနေပါတယ်။

တိုင်ကြားချက်တွေကို အခြေခံကြည့်တဲ့အခါမှာ အရပ်ဘက်မှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ကျလာတာ တွေ့ရပေမဲ့လို့ စစ်ဘက်မှာတော့ ကလေးစစ်သား စုဆောင်းမှု လျော့လာတဲ့ လက္ခဏာ မတွေ့ရတာကြောင့် ဒီအခြေအနေကို စိုးရိမ်မိတယ်လို့ ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိဗ် မာရှယ် (Steve Marshall) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာပြည်အနှံ့က ကျနော်တို့နဲ့ ထိစပ်ထားတဲ့ ကွန်ရက်တွေကတဆင့် အဖြစ်အပျက် တိုင်ကြားမှုတွေ ရခဲ့ပါတယ်။ ဒီကွန်ရက်တွေကရတဲ့ သတင်းတွေအရ ဆိုရင်တော့ အရပ်သား အာဏာပိုင်တွေကနေ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ကျသွားပါတယ်။ ဒါပေမဲ့လို့ စစ်ဘက် အာဏာပိုင်တွေ အပိုင်းမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ပါးသွားတယ်ဆိုတဲ့ အရိပ်လက္ခဏာ မတွေ့ရတာကြောင့် ဒါဟာ အင်မတန်တော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။”

အစိုးရပိုင်း အနေနဲ့ကတော့ ဥပဒေတွေ ချမှတ်ပြီး ကလေးစစ်သား ပပျောက်ရေးအတွက် ကတိကဝတ် ပြုနေပေမဲ့လို့ အောက်ခြေပိုင်းမှာ ဖြစ်နေတာတွေနဲ့တော့ ကွာဟနေတယ်လို့ စတိဗ် မာရှယ်က ပြောပါတယ်။

“အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် မစုဆောင်းရဘူးဆိုတဲ့ ဥပဒေအတိုင်း ဖြစ်စေရမယ်လို့ အစိုးရ ထိပ်ပိုင်းက ကတိကဝတ် ပြုနေပေမဲ့လို့ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ရှိနေတုန်းပဲ ဆိုတဲ့ တိုင်ကြားချက်တွေ ဆက်ရှိနေတာကြောင့် ကျနော်တို့ဘက်က အင်မတန် စိုးရိမ်စရာ ဖြစ်ရပါတယ်။ အစိုးရ ထိပ်ပိုင်းက ချထားတဲ့ ဥပဒေတွေနဲ့ လက်တွေ့ အောက်ခြေမှာ ဖြစ်နေတာတွေက ကွာဟနေပါတယ်။ ဒါကြောင့် ဒီလို ကွာခြားမှု ဖြစ်နေတဲ့ အပေါ်မှာ အစိုးရပိုင်းရော စစ်ဘက် အာဏာပိုင်တွေနဲ့ပါ ပူးပေါင်းကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။”

တဘက်မှာတော့ ILO အနေနဲ့ ကလေးစစ်သား ပပျောက်ရေး အပါအဝင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် အစိုးရဌာနတွေ၊ စစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပညာပေး အစီအစဉ်တွေ ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အခု လတ်တလောမှာပဲ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ ပူးတွဲပြီး ရှမ်းဘာသာစကားနဲ့ ပညာပေး လက်ကမ်းစာစောင် ထုတ်ဝေဖို့ သဘောတူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

“အစိုးရအနေနဲ့ မူအားဖြင့် သဘောတူလိုက်ပြီလို့ ဆိုရမှာပါ။ ရှမ်းဘာသာစကားနဲ့ အရင်ဆုံး ထုတ်ဝေဖို့ သဘောတူထားတာကြောင့် အခု ဘာသာပြန်နေပါပြီ။ ပြီးရင်တော့ အစိုးရဌာနတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်း အဆင့်ဆင့်က တဆင့် ဒီလက်ကမ်းစာစောင်တွေ ဖြန့်ချိသွားပါမယ်။ ရှမ်းဘာသာစကားနဲ့ ထုတ်ဝေပြီးရင်တော့ အခြား တိုင်းရင်းသား ဘာသာစကားတွေနဲ့လည်း ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာသာစကား ၆ မျိုးစလုံး တပြိုင်တည်း မထုတ်နိုင်ပေမဲ့လို့ တဖြည်းဖြည်းချင်း လုပ်သွားနိုင်မှာပါ။”

မြန်မာစကား နားမလည်တဲ့ တိုင်းရင်းသားတွေအတွက် သူတို့ သက်ဆိုင်ရာ ဘာသာစကားတွေနဲ့ ပညာပေး လက်ကမ်းစာစောင် ထုတ်နိုင်ဖို့ ILO ဘက်က တောင်းဆိုခဲ့တာ ကြာပါပြီ။ မြန်မာဘာသာနဲ့တော့ မနှစ်ကစပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ ဒီလို ပညာပေး လုပ်ငန်းတွေကြောင့် အာဏာပိုင်တွေထက် သာမန်လူထုအကြား ပိုမို အသိကြွယ်လာပြီး မိမိရပိုင်ခွင့်အတွက် ကိုယ်တိုင် ကြိုးပမ်းမှုတွေ ရှိလာတယ်လို့ စတိဗ် မာရှယ်က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် မေလ လက်ကမ်းစာစောင်တွေ ဖြန့်ချိပြီးတဲ့နောက် ၂၀၁၀ ခုနှစ်အတွင်း တိုင်ကြားမှုတွေရတဲ့ အရေအတွက်ဟာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၃ နှစ်စာရတဲ့ တိုင်ကြားစာတွေနဲ့ အရေအတွက် အတူတူ ဖြစ်နေတာ စိတ်ဝင်စားစရာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်ကြားစာ ရရှိမှုဟာ အတော်လေးကို များပြားလာပါတယ်။ ဒါဟာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ပမာဏ ပိုပြီး တိုးများလာတဲ့သဘော မဟုတ်ပါဘူး။ အများပြည်သူ အကြားမှာ တိုင်ကြားလို့ ရတယ်ဆိုတဲ့ ဥပဒေဆိုင်ရာ အသိပညာ ပိုရလာတာကြောင့်ပါ။

“နောက်ပြီး လူတွေကြားမှာ သူတို့အခွင့်အရေး၊ ရပိုင်ခွင့်ကို ဥပဒေနဲ့အညီ လုပ်ဆောင်လို့ ရတယ်ဆိုတာ ပိုပြီး ယုံကြည်မှုတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်တန့်အောင်၊ ILO အနေနဲ့ အစိုးရ အာဏာပိုင်တွေနဲ့အတူ ဥပဒေအတိုင်းဖြစ်အောင် ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်လာတာနဲ့ အမျှ တိုင်ကြားမှုတွေ ပိုရလာတာ ဖြစ်ပါတယ်။”

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်နဲ့ မြန်မာအစိုးရရဲ့ သဘောတူညီချက်အရ နိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရှိလာရင် ILO ရန်ကုန်ရုံးကို လွတ်လွတ်လပ်လပ် တိုင်ကြားခွင့် မြန်မာအာဏာပိုင်တွေဘက်က ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ တိုင်ကြားသူအချို့ ခြိမ်းခြောက်ခံရတာ၊ တိုင်ကြားနိုင်အောင် ကူညီပေးသူ အချို့ကို အာဏာပိုင်တွေက အညှိုးထားပြီး ဖမ်းဆီးတာမျိုးတွေလည်း ရှိခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG