သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ အလုပ်သမား ကိုယ်စားလှယ် ILO လက်မခံ


ILO ညီလာခံ ဖွင့်ပွဲမြင်ကွင်း။ ဇွန် ၂၊ ၂၀၁၀။
ILO ညီလာခံ ဖွင့်ပွဲမြင်ကွင်း။ ဇွန် ၂၊ ၂၀၁၀။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၉၉ ကြိမ်မြောက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ညီလာခံမှာ ဒီနှစ် မြန်မာနိုင်ငံဘက်က အလုပ်သမား ကိုယ်စားပြု အစုအဖွဲ့ တက်ရောက်ခွင့် မရခဲ့ပါဘူး။ ဒါကြောင့် အလုပ်သမားအစု ကိုယ်စားပြုမှု မရှိတာကြောင့် ILO ညီလာခံအတွင်း အစည်းအဝေး အတော်များများမှာ မြန်မာဘက်က မဲပေးခွင့် မရခဲ့ပါဘူး။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ILO ညီလာခံဟာ နှစ်စဉ် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ် ဆွေးနွေးညှိနှိုင်းကြတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်က အလုပ်သမား ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားထုကို ကိုယ်စားမပြုဘူးဆိုပြီး ILO ဘက်က ညီလာခံ မတိုင်ခင်မှာ တက်ရောက်ခွင့် မပေးတာကြောင့် မြန်မာနိုင်ငံဘက်က အစိုးရနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေပဲ တက်ရောက်နိုင်ခဲ့ပါတယ်။

မြန်မာအစိုးရ အနေနဲ့ အလုပ်သမား ကိုယ်စားလှယ်ကို နှစ်ပေါင်းများစွာ ကတည်းက ဒီ ILO ညီလာခံအတွက် ရွေးချယ် စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ မနှစ်ကစပြီး FTUB ပါဝင်တဲ့ ITUC နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံဘက်က အလုပ်သမား ကိုယ်စားလှယ်တွေဟာ အလုပ်သမား ကိုယ်စားလှယ် မစစ်ဘူးဆိုပြီး ကန့်ကွက်မှု ရှိတာကြောင့် ဒီနှစ်မှာ အဲဒီကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရတော့တာပါ။ ဒါကြောင့်လည်း သုံးဦးသုံးဖလှယ်ရှိတဲ့ ညီလာခံကာလ အစည်းအဝေး အတော်များများမှာ မြန်မာဘက်က မဲပေးခွင့် မရခဲ့ဘူးလို့ ILO ညီလာခံကို တက်ရောက်နေတဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“ကုလသမဂ္ဂ အဖွဲ့အစည်းကိုလာရင် အားလုံးလာတဲ့အတိုင်း နှစ်စဉ်နှစ်တိုင်း မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်တဲ့အခါမှာ Credential ဆိုတာရှိတယ်။ သူ့ရဲ့ အရည်အချင်း ပြည့်မီလား၊ မပြည့်မီလားဆိုတာ ဆန်းစစ်တာ ရှိတာပေါ့။ ဒီနှစ်က Report of Credential Committee ရဲ့ Report ထဲမှာ ဘာရေးထားလဲဆိုတော့ နိုင်ငံပေါင်း ၁၈၂ နိုင်ငံ ရှိတဲ့အထဲမှာ ၂ နိုင်ငံက အစည်းအဝေးတွေမှာ ဝင်ထိုင်လို့ရတယ်၊ မဲထည့်ခွင့်မရဘူး။ အဲဒီထဲမှာ ဗမာနဲ့ အီရတ်ပဲ ဖြစ်တယ်။

“ဗမာပြည်ကလာတဲ့ Delegation က အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရဆိုတဲ့ ၃ ခု အင်္ဂါမပြည့်ဘူး။ ILO ရဲ့ Constitution အပိုဒ် ၄၊ Article ၄၊ Paragraph ၂ အရကိုက မဲထည့်ခွင့်မရဘူး။”

ဒါ ဒီနှစ်မှ စဖြစ်တာလား။

“ဒီနှစ်မှာ စဖြစ်တာ။ ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းနှစ်တွေက အလုပ်သမား ကိုယ်စားလှယ်ဆိုပြီး သူတို့ အတုတွေ ခေါ်ခေါ်လာတယ်။ ခေါ်လာတော့ ဒီမှာ Credential မှာ Challenge လုပ်တော့ ခင်ဗျား ဘယ်ကလဲလို့ သေချာမေးလိုက်တော့ ဒီလူတွေက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေ ဖြစ်နေတာများတယ်။”

အခုလို မဲပေးခွင့် မရလိုက်တဲ့ အခါကြတော့ မြန်မာနိုင်ငံ အနေနဲ့ ဘယ်အပိုင်းတွေမှာ နစ်နာမှုရှိလဲ။

“နစ်နာတာပေါ့။ ဗမာကိစ္စ တခုတည်း မဟုတ်ဘူး။ တကမ္ဘာလုံး ကိစ္စ။ ဥပမာ ကမ္ဘောဒီးယားကိစ္စ ဆွေးနွေးတယ်ဆိုရင် ဘယ်လိုဖြစ်သင့်လဲဆိုတဲ့ ကိုယ့်ရဲ့ Voice ကို Opinion ပေးရုံပဲ ပေးလို့ရတယ်။ ကိုယ့် Opinion ကို ဘယ်သူမှ အလေးမထားတော့ဘူးပေါ့။ ဥပမာ ကျနော်တို့က သဘာ၀ ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိတယ်။ ဒီမှာ ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်လို့ ဆွေးနွေးတာ ရှိတယ်။ အဲဒီမှာဆိုရင် မဲပေးလို့ မရတော့ဘူး။”

ဦးမောင်မောင်တို့ FTUB အနေနဲ့ကရော ILO ညီလာခံမှာ ဘယ်လိုပုံစံနဲ့ တက်နေတာလဲခင်ဗျ။

“ကျနော်တို့ကတော့ ITUC International Trade Union Confederation အပြည်ပြည်ဆိုင်ရာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တခု အနေနဲ့ တက်နေတာပါ။”

မြန်မာစစ်အစိုးရဘက်က ကန့်ကွက်တာတွေရော ရှိလားခင်ဗျ။

“ရှိပါတယ်ခင်ဗျ။ ဟိုတနေ့ကဆိုရင် ကျနော်တို့ အဓမ္မ လုပ်အားပေးကိစ္စကို ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ဘက်က အလုပ်သမား သမဂ္ဂက နေပြီးတော့ နိုင်ငံပေါင်း ၇ နိုင်ငံလောက်က ဆွေးနွေးတယ်။ နောက်တခါ အလုပ်ရှင်ဘက်က ဆွေးနွေးတယ်၊ နောက်တခါ တခြား အစိုးရတွေက ဆွေးနွေးတယ်။ ထောက်ခံတာရှိတယ်၊ ကန့်ကွက်တာ ရှိတယ်။

“ဒီကြားထဲမှာ နအဖက နောက်ဆုံး သုံးချက်ပြောသွားတယ်။ တစ်အချက်က သူတို့ကို မြန်မာလို့ခေါ်ပါ၊ ဗမာလို့ မခေါ်ပါနဲ့တဲ့၊ အရေးကြီးပါတယ်တဲ့။ နောက်တခုက သူတို့ မကြာခင် ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုတာ ပြောတယ်။ နောက်ဆုံးတခုက ကျနော်တို့ အဖွဲ့အစည်းကို သူတို့က အကြမ်းဖက်သမားလို့ သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာကို တိုင်ကြားထားတယ်ဆိုတာ။ အကြောင်းအရာအားဖြင့်တော့ တိုက်ခိုက်သွားတာပဲ ရှိပါတယ်။”

အခု FTUB ကို မြန်မာစစ်အစိုးရကတော့ အကြမ်းဖက် အဖွဲ့အစည်း ဆိုပြီးတော့ မတရားအသင်း ကြေညာထားတာ ရှိပါတယ်။ မနေ့က ITUC Report မှာတော့ ITUC ရော ILO အနေနဲ့ရော FTUB ကို မြန်မာနိုင်ငံရဲ့ တရားဝင် အလုပ်သမား သမဂ္ဂ အနေနဲ့ သတ်မှတ်တယ်ဆိုပြီး ဖော်ပြတယ်။ အဲတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ရော ညီလာခံအတွင်းမှာ ဆွေးနွေး ငြင်းခုံမှုမျိုးတွေ ရှိသေးလားခင်ဗျ။

“ပြင်းပြင်းထန်ထန် ဆွေးနွေးပါတယ်။ ITUC ကတော့ ကျနော်တို့ကို ဒီလို နအဖက မတရား စွပ်စွဲတာကို လက်မခံဘူး။ သူတို့အနေနဲ့ ကျနော်တို့ FTUB နဲ့ တွဲပြီးတော့ ကွင်းထဲမှာ နေခဲ့တယ်။ ကျနော်တို့အလုပ်တွေကို သူတို့ ဆန်းစစ်တယ်။ ကျနော်တို့ လုပ်ငန်းတွေကို သူတို့ ကြည့်တဲ့အခါမှာ အလုပ်သမား သမဂ္ဂ တခုရဲ့ လုပ်ငန်းတွေနဲ့ ပြည့်စုံတယ်လို့ သတ်မှတ်တဲ့အတွက် ရှိသင့်ရှိထိုက်တယ်။ မြန်မာပြည်အတွင်းမှာကို ရှိသင့်တဲ့ အနေအထား ရှိတယ်ဆိုတာကို ပြောတယ်။ ILO ကလည်း အခု ဒီနေ့မှာ ထပ်ပြီး ပြောပါလိမ့်မယ်လို့ ကျနော် ယူဆတယ်။”

မြန်မာအစိုးရအနေနဲ့ အခုလို သုံးဦးသုံးဖလှယ် ကိုယ်စားပြုမှု မဲ့တာကြောင့် အစည်းအဝေး အတော်များများမှာ မဲပေးခွင့် မရှိပေမဲ့ အခြား အစိုးရကိုယ်စားပြု အစည်းအဝေးတွေ၊ အလုပ်ရှင် ကိုယ်စားပြု အစည်းအဝေးတွေမှာတော့ မဲပေးခွင့် ပေးထားတယ်လို့ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကယ်ရီ တပ်ပီယိုလာ (Kari Tapiola) က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

ILO မှာ ဂျနီဗာစံချိန် အခု ညနေပိုင်းမှာတော့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကိစ္စ မြန်မာ့အရေး သီးခြားဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG