သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO ပညာပေးစာစောင်များ ပဲခူးတွင် ဖြန့်ဝေ


အဓမ္မလုပ်အားပေးမှုဆိုင်ရာ အသိပညာ ပေးထားတဲ့ ILO အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ရဲ့ လက်ကမ်းစာစောင်တွေကို အဓမ္မလုပ်အားပေးမှု၊ ကလေးစစ်သား စုဆောင်းမှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ ပဲခူးတိုင်းက မြို့နယ်တွေမှာ စတင် ဖြန့်ဝေနေပါပြီ။ မြန်မာစစ်အစိုးရနဲ့ ILO အဖွဲ့အကြား သဘောတူညီမှုနဲ့ အခုလိုမျိုး ပြည်သူတွေဆီကို ဖြန့်ဝေမယ့် စာစောင်တွေကို NLD လူငယ်တွေက လိုက်ပြီး ဖြန့်ဝေပေးနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးတိုင်းအတွင်းမှာ ကလေးစစ်သား စုဆောင်းမှု၊ အတင်းအဓမ္မ လယ်ယာသိမ်းခံရမှုတွေ၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှုတွေ များတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူထုတွေကို ပညာပေးတဲ့ အနေနဲ့ ILO က လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးနေတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းက လူငယ်ခေါင်းဆောင်တဦးက အခုလို ပြောပါတယ်။

“ကလေးစစ်သား ပပျောက်ရေးမှာ ကျနော်တို့က ကူညီဆောင်ရွက်နေတော့၊ ILO နဲ့ ကျနော်တို့ အဆက်အသွယ် ရှိနေတဲ့ အခါကြတော့ ကျနော်တို့ကို ILO ရုံးက အတင်းအဓမ္မ လုပ်အားပေး ပပျောက်စေဖို့အတွက် သူတို့မှာ Pamphlet တွေ ဝေငှဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ သဘောတူညီပြီး ဖြန့်ချိခွင့်ရတဲ့ စာရွက်တွေ ရှိတယ်။ ပြည်သူလူထုတွေ ထဲထဲဝင်ဝင် သိရှိနားလည်လာပြီး ကျေးရွာတွေမှာရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေက အစ သိရှိလာအောင်၊ သိရှိလာပြီး သူတို့မှာ အခက်အခဲတွေ ရှိလာရင်၊ အာဏာပိုင်တွေက ဥပဒေ ချိုးဖောက်လာရင် တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်တယ် ဆိုတဲ့အကြောင်း ဒီစာရွက်မှာ ပါရှိတယ်လေ။

“အဲဒါတွေကို သူတို့က ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီးတော့ အစိုးရနဲ့ သဘောတူညီ ထားတာတွေကိုလည်း သိရှိနားလည်လာမယ်၊ အာဏာပိုင်တွေကလည်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းလို့မရဘူး၊ အသက်မပြည့်သေးတဲ့ ကလေးတွေကိုလည်း စစ်တပ်ထဲ အတင်းအဓမ္မ သွတ်သွင်းလို့ မရဘူး ဆိုတာကို ပြည်သူလူထုက သေသေချာချာ သိလာတဲ့ အခါကြတော့ သူတို့ဟာ ဥပဒေနဲ့ ပတ်သက်ပြီး နားလည်မှုတွေ ရလာမယ်။”

ပညာပေးတာကတော့ လူသူအရောက်အပေါက် နည်းတဲ့ ကျေးရွာတွေထိ ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုတကြိမ်ကတော့ အတော်များများ ဖြန့်ဝေမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပဲခူးတိုင်း အရှေ့ခြမ်းမှာရှိတဲ့ တောင်ငူခရိုင်တွင်းမှာရှိတဲ့ မြို့နယ်တွေ၊ အဲဒီမြို့နယ်တွေ အတွင်းမှာရှိတဲ့ ကျေးရွာတွေ၊ ဒီဘက် ညောင်လေးပင်ခရိုင်အတွင်းမှာ ရှိတဲ့ ရွှေကျင်တို့၊ ပြွန်တန်ဆာတို့ အင်မတန်မှ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ခဲ့တဲ့၊ မီဒီယာတွေမှာ ခဏခဏ ပါလေ့ရှိတဲ့ ကလေးစစ်သားအဖြစ် ဖမ်းဆီး သွတ်သွင်းခံရတဲ့ နေရာတွေ အများစုဖြစ်ခဲ့တဲ့ နေရာတွေကို ကျနော်တို့ လူငယ်တွေ သွားပြီးတော့ ILO ကပေးတဲ့ စာရွက်တွေ သွားကမ်းပါတယ်။

“အခု ပဲခူးတိုင်း အရှေ့ခြမ်းမှာရှိတဲ့ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်တွေမှာလည်း ဒီနေ့ ကျနော်တို့ဆီက အကူအညီပေးရေး အဖွဲ့တွေ သွားပြီး ကမ်းပါတယ်။ ကျေးရွာတွေ တော်တော်များများကို ရောက်ကုန်ကြပါပြီ။ မြို့နယ်ပေါင်း ၄၀ လောက်ရှိပါပြီ။”

ပဲခူးတိုင်းအတွင်းမှာ ကလေးစစ်သား စုဆောင်းမှုတွေ အများအပြား ဖြစ်နေတာကြောင့် အခုလို စာစောင်တွေရတဲ့ ပြည်သူတွေကတော့ သူတို့အတွက် အသိပညာရကြောင်း၊ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို တိုင်ကြားရမယ်ဆိုတာ ပိုပြီး သိရှိလာရတယ်လို့ ဆိုပါတယ်။

“အတော်လေးကို ကျနော်တို့ ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံနဲ့ ကာကွယ်နိုင်တဲ့ အချက်တွေ တွေ့ရတယ်။ ဝမ်းသာတယ်ဗျာ။ အခုလို NLD က လာကမ်းပေးတဲ့ အတွက်လည်း ကျနော်တို့ ပြည်သူလူထု ကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်မယ်လို့ ထင်တယ်လေ။ စာရွက်လေးတွေ ပေးသွားတော့ ကျနော်တို့ မိဘတွေအနေနဲ့ သားသမီးတွေ ဖြစ်လာရင် ကိုယ်တိုင် ရဲရဲတင်းတင်း တိုင်ကြားရဲတယ်၊ တိုင်ကြားနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သိရတော့ ကျနော်တို့တင်မက အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်ရှိရင် အားလုံးကလည်း ဆောင်ရွက်နိုင်မယ်လို့ ထင်တယ်ဗျာ။ ဝမ်းသာတယ်ဗျာ၊ အဲဒီလို ကမ်းတယ်ဆိုတာ။

“နောက်ထပ် ဒီ့ထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရင် ပိုကောင်းမယ်လို့ မျှော်လင့်တယ်လေ။ ဒီလိုဆောင်ရွက်တာလည်း နည်းနည်းပါးပါးပဲ ရှိမှာပါ။ အကုန်လုံး တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရင်တော့ အတိုင်းထက် အလွန်ပဲလို့ ကျနော်တို့ မျှော်လင့်တယ်။”

NLD လူငယ်တွေ အနေနဲ့ အစိုးရဝန်ထမ်းတွေကိုပါ ဖြန့်ဝေခဲ့ပြီး ကလေးစစ်သား စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီးကို ILO ကို တိုင်ကြားနိုင်ရေး အသိပညာပေးမှုတွေကို လူထုတွေကြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အတွက် အာဏာပိုင်တွေဘက်ကတော့ အနှောင့်အယှက် ပေးမှုတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဇွန်လတွင်းမှာ လုပ်ခဲ့တဲ့ ILO ရဲ့ ၉၉ ကြိမ်မြောက် အစည်းအဝေးမှာတော့ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ရှိနေသေးကြောင်း၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှုတွေလည်း ရှိနေသေးကြောင်း မြန်မာပြည်ဆိုင်ရာ ILO ကိုယ်စားလှယ်က တင်ပြဆွေးနွေးသွားခဲ့ပါတယ်။

XS
SM
MD
LG