သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်သော အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ ILO မျှော်လင့်


လွတ်လပ်သော အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ ILO မျှော်လင့်
လွတ်လပ်သော အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ ILO မျှော်လင့်

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းနိုင်မယ့် အလားအလာ ကောင်းတယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးက ပြောပါတယ်။ အလုပ်သမားအရေး လှုပ်ရှားသူတွေက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပေးဖို့ လျှောက်လွှာတင်ထားတာကို စစ်အစိုးရ အာဏာပိုင်တွေဘက်က ပယ်ချခဲ့တာဟာလည်း သမဂ္ဂ ဖွဲ့စည်းခွင့် မှတ်ပုံတင်တဲ့ရုံး မရှိသေးတဲ့အတွက် ဖြစ်မယ်လို့ ILO ဌာနေကိုယ်စားလှယ်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရ အခု အသစ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်အသစ် ခေါ်ယူပြီးရင် မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့ခွင့်ပြုမယ်ဆိုတဲ့ အသံတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်မှာ စတင် ထွက်ပေါ်လာခဲ့တာပါ။

စတိဗ် မာရှဲလ် (Steve Marshall) ဟာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုဖို့ စစ်အစိုးရဘက်က အခုလို ရှားရှားပါးပါး စတင်လုပ်ဆောင်လာတဲ့အတွက် ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ကူညီ လုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ သူက ပြောပါတယ်။

“ဒါဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်တခု ဖြစ်ရုံတင်မက စစ်အစိုးရဘက်က ဒီကိစ္စကို စတင်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် အင်မတန် ကောင်းမွန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ လိုအပ်တာတွေကို ကူညီ လုပ်ဆောင်ပေးဖို့ ILO အနေနဲ့ အဆင်သင့် ရှိနေပါတယ်။ အစိုးရက ကျနော်တို့ကို ပြောဆိုတဲ့ သဘောကတော့ ILO ရဲ့ သဘောတူစာချုပ် ၈၇ အရ လွတ်လပ်စွာ စည်းရုံးခွင့်ဆိုတဲ့ အချက်နဲ့ ကိုက်ညီတဲ့ အခြေခံတခုကို သူတို့ဘက်က စဉ်းစားနေပါတယ်လို့ ပြောခဲ့တာပါ။”

စစ်အစိုးရက အခုလို အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ပြုဖို့အတွက် တဘက်မှာ လုပ်ဆောင်နေပေမဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုရေး လျှောက်လွှာတင်တာကိုတော့ ပယ်ချခဲ့ပါတယ်။ ဒါဟာ စစ်အစိုးရ အနေနဲ့ အပြောနဲ့ လက်တွေ့ ကွာနေတာကို ပြသနေသလို ဖြစ်မသွားဘူးလားဆိုတဲ့ အပေါ်မှာတော့ စတိဗ် မာရှဲလ်က...

“တကယ်တော့ အဲဒီလို မဖြစ်ပါဘူး။ တကယ်ဖြစ်သွားတာက လောလောဆယ်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးအတွက် လျှောက်လွှာတွေ လက်ခံ လုပ်ဆောင်ပေးဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မရှိသေးဘူး ဆိုပြီးတော့ အစိုးရဘက်က အကြောင်းပြန်ခဲ့တာပါ။ မြန်မာနိုင်ငံထဲမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုဖို့ ဥပဒေ ပြင်ဆင်နေတဲ့အကြောင်း လျှောက်လာကြတဲ့ သူတွေကို ပြောခဲ့ပါတယ်။ သမဂ္ဂ ဖွဲ့စည်းလိုတဲ့ အလုပ်သမားတွေ အနေနဲ့ ဥပဒေအသစ် ထွက်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြဖို့ အကြောင်းပြန်ခဲ့ပါတယ်။”

အဲဒီလို သမဂ္ဂ ဖွဲ့စည်းရေး လျှောက်လွှာ တင်ခဲ့ကြသူတွေကို စစ်အစိုးရဘက်က အရေးမယူခဲ့တာဟာလည်း အပြုသဘောဆောင်တဲ့ လက္ခဏာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တကယ့်လက်တွေ့မှာ သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုမယ် မပြုဘူး၊ ဒီသမဂ္ဂတွေ အနေနဲ့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ရပ်တည်လုပ်ကိုင်ခွင့် ရှိမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တဲ့အကြောင်း စတိဗ် မာရှဲလ်က ပြောပါတယ်။

အခုချိန်မှာ သမဂ္ဂတွေကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းခွင့်ပြုမယ်၊ လွတ်လပ်မယ် မလွတ်လပ်ဘူး ဆိုတာကို အခုချိန်မှာ ဝေဖန်နေမယ့်အစား အစိုးရဘက်က အခုလို လုပ်ဆောင်လာတာကို တိုးတက် ကောင်းမွန်တဲ့ သင်္ကေတအဖြစ်နဲ့ လက်ခံကြဖို့ သူက ပြောပါတယ်။

ILO အနေနဲ့ကတော့ လွတ်လပ် မျှတတဲ့ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်လာရေးအတွက် အစဉ်တစိုက် တိုက်တွန်း လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

“သိကြတဲ့အတိုင်းပဲ ILO ကတော့ လွတ်လပ်စွာ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားသော လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်လာရေးဆိုတဲ့ အယူအဆမျိုးကို တိုက်တွန်း ပြောဆိုသွားမှာပါ။”

ထုံးစံအရကတော့ တိုင်းပြည်အများစုမှာ သမဂ္ဂ ဖွဲ့စည်းလိုသူတွေ အနေနဲ့ အစိုးရထံမှာ မှတ်ပုံတင်ကြရတယ်ဆိုတာ လုပ်ရိုးလုပ်စဉ်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ သမဂ္ဂတွေဟာ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အပြင် လွတ်လပ်စွာ လှုပ်ရှားပိုင်ခွင့် ရှိကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာဖို့အတွက် ILO အနေနဲ့ မြန်မာစစ်အစိုးရကို တိုက်တွန်း လုပ်ဆောင်သွားမယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။

XS
SM
MD
LG