သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF ဦးဆောင်ညွှန်မှူး ဟိုတယ်ဝန်ထမ်း ဗလက္ကာရပြုမှုနဲ့ တရားစွဲခံရ


IMF ဦးဆောင်ညွှန်ကြားရေးမှူး ဒိုမိနစ်ခ် စထရော့စ်ခန်း။ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီး (IMF) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ဖမ်းဆီးခံလိုက်ရပေမဲ့ IMF ဟာ အရင်အတိုင်း အလုပ်တွေ ဆက်လက် လုပ်ကိုင်နေမြဲ ဖြစ်ပါတယ်လို့ IMF က ပြောပါတယ်။

ဟိုတယ် အမျိုးသမီး ၀န်ထမ်းတယောက်အပေါ် ဗလက္ကာရပြုမှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုနဲ့ ဥပဒေမဲ့ ပိတ်လှောင်ထားမှုတွေနဲ့ ဒိုမိနစ်ခ် စထရော့စ်ခန်းကို တရားစွဲမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောပါတယ်။

သူ့မှာ ဥပဒေ အကျိုးဆောင် ရှိပြီး ဒီအမှုနဲ့ ပတ်သက်လို့ သူ့ရှေ့နေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကိုပဲ စုံစမ်းမေးမြန်းဖို့ IMF က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဆိုပါတယ်။

မစ္စတာ ဒိုမိနစ်ခ် စထရော့စ်ခန်းရဲ့ ရှေ့နေကတော့ သူ့အမှုသည်မှာ အပြစ်မရှိကြောင်း လျှောက်ထားမယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

မစ္စတာခန်းဟာ အရင် ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ၂၀၀၇ ခုနှစ်ကစလို့ IMF တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။ သူဟာ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ ဆိုရှယ်လစ်ပါတီကနေ သမ္မတလောင်းအဖြစ် ၀င်ရောက် အရွေးခံနိုင်တဲ့သူအဖြစ် တစ်ပေးထားကြသူ ဖြစ်ပါတယ်။

ပါရီမြို့ကို မထွက်ခွာမီ မိနစ်အနည်းငယ် အလိုမှာပဲ ပြင်သစ်နိုင်ငံသား မစ္စတာခန်းကို လေယာဉ် ပထမတန်းကနေ စနေနေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

စနေနေ့ နေ့လယ်ပိုင်းက မစ္စတာ စထရော့စ်ခန်းရဲ့ ဟိုတယ်အခန်းကို သန့်ရှင်းရေးလုပ်ဖို့ ၀င်ရောက်ခဲ့ရာမှာ မစ္စတာ စထရော့စ်ခန်းက ရေချိုးခန်းထဲကနေ ကိုယ်လုံးတီး ထွက်လာပြီး သူမကို အတင်းအဓမ္မ မဟားဒယားလုပ်တာ ဖြစ်တယ်လို့ အမျိုးသမီးဝန်ထမ်းက ရဲကို ပြောပါတယ်။ အခန်းထဲက ထွက်လာပြီး တခြား ဟိုတယ်ဝန်ထမ်းတွေကို အဲဒီဝန်ထမ်းက ပြောပြတဲ့အခါမှာ သူ့ လုပ်ဖော်ကိုင်ဘက်တွေက ရဲကို ခေါ်ခဲ့တာပါ။

ရဲက ဟိုတယ်ကို အရောက်မှာ မစ္စတာ စထရော့စ်ခန်းက လေဆိပ်ကို ထွက်ခွာသွားခဲ့ပါပြီ။ ဟိုတယ်မှာ သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့ တခြား ပုဂ္ဂိုလ်ရေး အသုံးအဆောင်တွေ ကျန်ခဲ့ပါတယ်။

XS
SM
MD
LG