မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေကို ပြင်ဆင်လာတဲ့အတွက် တိုးတက်မှု လက္ခဏာတွေကို တွေ့မြင်လာနေရပြီလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ စိမ်ခေါ်မှုတွေနဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အများအပြား ရှိနေသေးတာကိုလည်း IMF ရဲ့ သီတင်း ၃ ပတ်နီးပါးကြာ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ ပြောဆိုလိုက်တာပါ။ အပြည့် အစုံကိုတော့ IMF တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြ ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲနဲ့အတူ မူဝါဒတွေကို ပြောင်းလဲ ကျင့်သုံး လာရာက စီးပွားရေး တိုးတက်မှု လက္ခဏာတွေ၊ ဆက်လက် တိုးတက်ဦးမယ့် အလားအလာတွေ ထွက်ပေါ်လာတဲ့အကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောလိုက်တာပါ။
ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့ ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အစိုးရ တာဝန်ရှိသူတွေ အပါအဝင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေတွေကို တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ခဲ့အပြီး IMF အဖွဲ့ အပိုဒ် ၄ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
နေပြည်တော်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံ မူဝါဒ အပြောင်းအလဲတွေဟာ လမ်းကြောင်း မှန်ပေါ် ရောက်နေတယ်လို့ ဖော်ပြထားတာ ဖြစ်တဲ့အကြောင်း ဝါရှင်တန် IMF ရုံးချုပ်က ပြန်ကြားရေး အရာရှိ ကေကို အူဆူနိုမီယာ (Keiko Utsunomiya) ကပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ခေတ်နဲ့အညီ ဖြစ်လာဖို့ကတော့ စီးပွားရေးနဲ့ ရင်းနှီး မြုပ်နှံမှုတွေအတွက် အားကောင်းအောင် လုပ်ဆောင်တာ၊ ဘဏ္ဍာရေး ကဏ္ဍကို ခေတ်မီအောင် လုပ်ဆောင်တာ၊ ကုန်သွယ်ရေးနဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေကို ပိုပြီး လွတ်လပ်ခွင့်ပေးတာလို အဟန့်အတားတွေကို ဖယ်ရှား သွားရမယ့် လုပ်ငန်းစဉ်ပါ။ အစိုးရရဲ့ မကြာသေးခင်က ကြိုးပမ်းမှုတွေကတော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး သက်ဆိုင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်မှုတွေ၊ တခြားနိုင်ငံတွေရဲ့ အတွေ့ အကြုံတွေကနေ အကောင်းဆုံး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို အသုံးချတာတွေ ကနေလည်း အကျိုးကျေးဇူး ခံစားရနိုင်ပါတယ်။”
မြန်မာအစိုးရကတော့ ပြုပြင် ပြောင်းလဲမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် စီးပွားရေးမှာ အဓိက အဟန့်အတား တခုအဖြစ် ကျွမ်းကျင်သူတွေ ထောက်ပြနေတဲ့ အမျိုးမျိုးရှိနေတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကို ပေါင်းစည်းဖို့လည်း ရည်ရွယ်ထားတာပါ။ ဒီအတွက်လည်း အကူအညီပေးဖို့ တောင်းခံခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာပဲ IMF အဖွဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ပြီး အခြေအနေတွေကို စတင်အကဲခတ်ခဲ့တာ ဖြစ်ပါတယ်။
မရှေးမနှောင်း ဆိုသလိုပဲ မြန်မာအစိုးရက နိုင်ငံခြားငွေကြေးကို အရင်က အစိုးရက ပုံသေသတ်မှတ်ထားတဲ့ နှုန်းအတိုင်း မထားတော့ပဲ ဈေးကွက်ပေါက်ဈေးနဲ့ အနီးစပ်ဆုံး လဲလှယ် သုံးစွဲခွင့် ပြုလာခဲ့တာပါ။ ဒီလိုပဲ ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြား ငွေလဲကောင်တာတွေကို ဖွင့်လှစ်ခွင့် ပြုခဲ့တာပါ။ ဒါပေမဲ့လည်း ငွေလဲလှယ်နှုန်း ပြင်ဆင်ရာမှာ သတိထားစရာတွေ ရှိနေဆဲ ဖြစ်တာကိုလည်း IMF က သတိပေးနေတာ ဖြစ်ပါတယ်။
“နောက်ဆုံး အနေနဲ့ကတော့ ငွေကြေးလဲလှယ်နှုန်း တပေါင်း တစည်းတည်း ဖြစ်စေဖို့ဟာ ပို့ကုန်လုပ်ငန်းသာ ပထမဆိုတဲ့ မူဝါဒကို ရှောင်ရှားသွားဖို့ လိုပါလိမ့်မယ်။ ငွေတန်ဘိုး တက်လာတဲ့ အချိန်အခါမျိုးမှာ လဲလှယ်နှုန်း အပေါ် ကန့်သတ်ချက် တချို့ကို ချက်ခြင်း ဖယ်ရှားလိုက်တာမျိုး လုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် ကုန်တင်သွင်းမှုတွေမှာ နိုင်ငံခြားငွေအတွက် ဘဏ်စာရင်း ဖွင့်ခွင့်ပြုတာမျိုး၊ ကုန်တင်သွင်းခွင့် လိုင်စင် သတ်မှတ်ချက်တွေ လျှော့ချတာမျိုး၊ အသစ်စက်စက် ဖွင့်လှစ်လိုက်တဲ့ နိုင်ငံခြားငွေလဲ ကောင်တာတွေကို သုံးစွဲတာမျိုး လုပ်နိုင်ပါတယ်။”
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးကာလမှာ ၅.၅ ရာခိုင်နှုန်း လောက်အထိ ရှိရာကနေ နောက်တနှစ် ၂၀၁၂ -၂၀၁၃ မှာတော့ ၆ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့လည်း IMF က ခန့်မှန်းထားပါတယ်။ တိုးတက်မှုတွေဟာ ပြည်ပကုန် တင်ပို့မှုတွေ၊ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာတဲ့ အတွက် သာမက၊ စီးပွားရေး လုပ်ငန်းတွေရဲ့ ယုံကြည်မှု တိုးတက် လာတာတွေကြောင့် ဖြစ်မယ်လို့လည်း IMF က ဟောကိန်းထုတ်ပါတယ်။
စိမ်ခေါ်မှုတွေ အဖြစ်နဲ့ကတော့ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေး ကာလမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၄.၂ ရာခိုင်နှုန်း ရှိနေရာကနေ နောက်တနှစ်မှာတော့ ၅.၈ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့လည်း သတိပေးထားတာ ဖြစ်ပါတယ်။