သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အကြီးအကဲ အဖွဲ့ဝင်အားလုံး တန်းတူသဘောထား

IMF အကြီးအကဲသစ် ခရစ်စ်တင်း လာဂ့ါ။ ဇွန် ၂၃၊ ၂၀၁၁။
IMF အကြီးအကဲသစ် ခရစ်စ်တင်း လာဂ့ါ။ ဇွန် ၂၃၊ ၂၀၁၁။

ကမ္ဘာ့ဘဏ္ဍာငွေကြေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရစဉ် ကာလအတွင်းတုန်းကလိုပဲ အဖွဲ့ဝင်နိုင်ငံ အားလုံးအပေါ် တန်းတူ သဘောထားနဲ့ ဆက်ဆံသွားမယ်လို့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲသစ်က ကတိပြု ပြောကြားလိုက်ပါတယ်။

အဖွဲ့ဝင် ၁၈၇ နိုင်ငံစလုံး တပြေးညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ တာဝန်ရှိရှိ၊ လိုအပ်ချက်နဲ့အညီ၊ ထိထိရောက်ရောက် တရားဥပဒေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် အင်္ဂါနေ့က ရွေးချယ်ခံရပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တင်း လာဂါ့ (Christine Lagarde) က ထည့်သွင်း ဖော်ပြထားတာပါ။

IMF အကြီးအကဲ ရာထူးအတွက် လာဂါ့နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မက္ကဆီကို ဗဟိုဘဏ် ဥက္ကဋ္ဌ အဂုစ်တင် ကာစတန်စ် (Agustin Carstens) ကလည်း သူမ အခုလို အရွေးခံလိုက်ရတဲ့အပေါ် ကောင်းချီးသြဘာ ပေးထားတဲ့ ကြေညာချက်ကို သီးခြား ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လာဂါ့အနေနဲ့ IMF အဖွဲ့ကြီးကို အဓိပ္ပာယ်ပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်လာအောင် ဦးဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ လာဂါ့ဟာ ရှေ့နေတဦးဖြစ်ပြီး ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်နေခဲ့တာပါ။ အဲဒီမတိုင်ခင်ကတော့ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်ရေး ဝန်ကြီးအဖြစ် ၂ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ရုရှားနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ ထောက်ခံမှု ရပြီးတဲ့နောက် IMF ရဲ့ အမှုဆောင် ဘုတ်အဖွဲ့က လာဂါ့ကို အင်္ဂါနေ့မှာ ရွေးချယ်လိုက်ကြတာပါ။ လာဂါ့ဟာ အဖွဲ့ဝင် ၁၈၇ နိုင်ငံပါတဲ့ ကမ္ဘာ့ ငွေချေးငှားတဲ့ အဖွဲ့ကြီးကို ဦးဆောင်တဲ့ ပထမဆုံးသော အမျိုးသမီး ဖြစ်ပါတယ်။ လာဂါ့ဟာ သူမရဲ့ ၅ နှစ်သက်တမ်းကို လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG