သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ကိစ္စ အမှုရင်ဆိုင်နေရတဲ့ IMF ဦးဆောင်ညွှန်မှူး နှုတ်ထွက်


လိင်ကိစ္စ အမှုရင်ဆိုင်နေရတဲ့ IMF ဦးဆောင်ညွှန်မှူး နှုတ်ထွက်

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ရာထူးက နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က အချုပ်မှာ ထိန်းသိမ်းခံထားရတဲ့ IMF အကြီးအကဲဟောင်းကတော့ သူ့အနေနဲ့ အပြစ်မရှိကြောင်း သက်သေပြသွားဖို့ အချိန်တွေ၊ ခွန်အားတွေ အားစိုက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

တာဝန်ကနေ သူထွက်သွားပြီး နောက်မှာတော့ ကမ္ဘာပေါ်မှာ ဘဏ္ဍာရေးအရ သြဇာကြီးမားတဲ့ အဖွဲ့ကို ဘယ်သူက ဆက်လက် ဦးဆောင်သွားမလဲ ဆိုတဲ့အပေါ်မှာ အချေအတင် ဆွေးနွေးစရာတွေလည်း ထွက်ပေါ်လာပါတယ်။

အစဉ်အလာအားဖြင့် IMF အကြီးအကဲကို ဥရောပတိုက်သား တဦးကို ခန့်အပ်လေ့ ရှိသလို ကမ္ဘာ့ဘဏ်ရဲ့ အကြီးအကဲကိုတော့ အမေရိကန် နိုင်ငံသားတဦးကို ခန့်အပ်လေ့ ရှိတာပါ။

ဥရောပမှာ ကြုံနေရတဲ့ ကြွေးမြီပြဿနာတွေကို ဖြေရှင်းရာမှာ IMF အဖွဲ့ဟာ အဓိက ကဏ္ဍက ပါဝင်နေတာမို့ ဥရောပရေးရာတွေကို နားလည် သဘောပေါက်သူ တဦးက ဆက်လက် ဦးဆောင်သွားဖို့ အရေးကြီးတယ်လို့လည်း ဥရောပအစိုးရ တာဝန်ရှိသူတွေက ပြောကြပါတယ်။

ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တင်း လာဂါ့ဒ် (Christine Lagarde) ဟာ ဒီရာထူးအတွက် သင့်တော်သူတဦး အဖြစ်နဲ့ တစ်ပေးခံနေရတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြတာပါ။

ဒါပေမဲ့လည်း IMF ရဲ့ တာဝန်တွေကို စီးပွားရေး ထွန်းသစ်စ တိုင်းပြည်တွေက ဦးဆောင်သွားဖို့ အချိန်ကျနေပြီလို့လည်း တခြားနိုင်ငံတွေက ပြောနေကြပါတယ်။

တရုတ်နိုင်ငံကလည်း IMF ရဲ့ အကြီးအကဲအသစ်ကို ဘက်မလိုက်ဘဲ ပွင့်လင်းမြင်သာမှုရှိတဲ့ အရည်အချင်းတွေနဲ့ ရွေးချယ်သင့်တယ်လို့လည်း တောင်းဆိုထားပါတယ်။

လတ်တလော IMF အကြီးအကဲအဖြစ် အိန္ဒိယ၊ စင်ကာပူ၊ တူရကီ၊ တောင်အာဖရိကနဲ့ တခြားနိုင်ငံက ကိုယ်စားလှယ်တွေကို လျာထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG