သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အကြီးအကဲ လိင်စော်ကားမှု အာမခံမရ


တရားရုံးတွင် တွေ့ရသည့် IMF အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း။ မေ ၁၆၊ ၂၀၁၁။
တရားရုံးတွင် တွေ့ရသည့် IMF အကြီးအကဲ ဒိုမိနစ်ခ် စထရော့စ်ခန်း။ မေ ၁၆၊ ၂၀၁၁။

နယူးယောက်မြို့ မန်ဟက်တန် ဟိုတယ်က အမျိုးသမီး ဝန်ထမ်းတယောက်ကို မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့ စွဲချက်တင် ခံထားရတဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲကို နယူးယောက် တရားရုံးက အာမခံမပေးဘဲ ဆက်လက် ထိန်းသိမ်းထားပါတယ်။

IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ဟာ အတော်လေး ပင်ပန်း နွမ်းနယ်တဲ့ပုံနဲ့ သူ့အပေါ် စွဲချက်တင်ထားတာတွေကို ကြားနာဖို့ တရားရုံးမှာ တနင်္လာနေ့က ရောက်နေတဲ့အချိန် အခုလို ဆုံးဖြတ်ချက် ချလိုက်တာပါ။

ပြင်သစ်နိုင်ငံက သူ့နိုင်ငံသား ရာဇဝတ်ကောင်တွေကို တခြားနိုင်ငံကို ပြန်မပို့တဲ့ တည်ဆဲဥပဒေ ရှိနေတာကြောင့် ဒိုမိနစ်ခ် စထရော့စ်ခန်းကို အမေရိကန်ကနေ ပြည်ပကို ထွက်ခွင့်ပြုလိုက်ရင် သူ့အမှုကို ရင်ဆိုင်ဖို့ ပြန်ရောက်လာတော့မှာ မဟုတ်ဘူးဆိုတဲ့ ပုံစံကို တရားလိုဘက်က တင်ပြလာတာကြောင့် တရားရုံးက အခုလို ဆုံးဖြတ်ချက် ချလိုက်တာလို့ ဆိုပါတယ်။

ဒိုမိနစ်ခ် စထရော့စ်ခန်းရဲ့ ရှေ့နေတွေကတော့ သူတို့အမှုသည်မှာ အပြစ်မရှိဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ နောက်တရားရုံးချိန်းရက်ဟာ သောကြာနေ့ ဖြစ်ပါတယ်။

သူ့ကို မုဒိမ်းကျင့်ဖို့ ကြိုးစားမှု၊ တရားမဝင် ဖမ်းဆီး ထိန်းသိမ်းထားမှု၊ ရာဇဝတ်မှုမြောက်တဲ့ ဗလက္ကာရပြုဖို့ ကြိုးစားမှု အပါအဝင် တခြား ကျူးလွန်ချက်တွေနဲ့ စွဲဆိုထားတာပါ။ သူ့မှာ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ ထောင်ဒဏ် ၂၅ နှစ်ထိ ကျခံရနိုင်ပါတယ်။

တညကို အမေရိကန်ဒေါ်လာ ၃,၀၀၀ တန်တဲ့ သူ့ရဲ့ ဇိမ်ခံတည်းခိုခန်းကို သန့်ရှင်းရေးလုပ်ဖို့ လာတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ဝန်ထမ်းကို စနေနေ့ နေ့လယ်ပိုင်းတုန်းမှာ ဒိုမိနစ်ခ် စထရော့စ်ခန်းက မုဒိမ်းကျင့်ဖို့ ကြိုးစားတယ်လို့ တိုင်ခဲ့တဲ့အကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။

နယူးယောက်ကနေ ပဲရစ်ကို ပျံသန်းခါနီး ပြင်သစ်လေကြောင်းလိုင်း လေယာဉ်ပေါ် ရောက်နေပြီဖြစ်တဲ့ ဒိုမိနစ်ခ် စထရော့စ်ခန်းကို အာဏာပိုင်တွေက စနေနေ့ ညနေပိုင်းမှာပဲ ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

XS
SM
MD
LG