သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF နှင့် မြန်မာနိုင်ငံ


IMF နှင့် မြန်မာနိုင်ငံ
IMF နှင့် မြန်မာနိုင်ငံ

အမျိုးမျိုးကွဲပြားနေတဲ့ မြန်မာ့ငွေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တစုတစည်းထဲ ဖြစ်စေဖို့အတွက် အကြံပေးပါရန် သမ္မတ ဦးသိန်းစိန်အစိုးရက IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကို အကူအညီတောင်းခံချက်အရ၊ ဒီနေ့ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ IMF ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ဒီခရီးစဉ်အတွင်း ဘယ်လို အကြံပြုနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းရဲ့ သုံးသပ်ချက်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာ့ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တမျိုးထဲ၊ တစ်စု တစ်စည်းထဲဖြစ်အောင် လုပ်နိုင်မယ့် အခြေအနေရှိပါသလား ဆရာ။

"Exchange Rate Unification ဆိုတာကလဲ အစကတည်းကိုက ကျနော်တို့က FEC ထုတ်ထားတယ်။ FEC ကို ကြေငြာတာကတော့ Green Bag လိုဘဲ FEC သည် တူညီရမယ်လို့ ပြောပြီးတော့ တကယ် လက်တွေ့ကျတော့ FEC နဲ့ အစိမ်းရဲ့ အခွင့်အရေးခြင်း မတူဘူးဆိုရင်တော့ နှုန်းက အမျိုးမျိုး ရှိမှာဘဲ။
တန်းတူ ညီမျှ Operable မဖြစ်ဘူး၊ ကန့်သတ်ချက် ရှိနေတယ်ဆိုရင်တော့ Unification (ပေါင်းစည်းခြင်း) ဆိုတာလဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။"


အစိုးရအနေနဲ့ကတော့ FEC တွေ ပြန်ဝယ်မယ်၊ တဖြည်းဖြည်းနဲ့ FEC တွေ ပြန်သိမ်းမယ့် သဘောရှိတယ်လို့ တရားဝင် ပြောထားတာတော့ ရှိပါတယ် ဆရာ။ အခု IMF ကိုယ်စားလှယ်အဖွဲ့က ငွေလဲလှယ်နှုန်းကို တစု တစည်းထဲ သတ်မှတ်တဲ့ ကိစ္စအပြင် IMF အဖွဲ့ဝင်တွေ လိုက်နာရမယ့် Article 8၊ ပြန်ဌာန်းချက် ၈ မှာပါတဲ့
အချက်အလက်တွေအရ နိုင်ငံတကာနဲ့ ငွေပေးချေတာတွေ၊ ငွေပြောင်း ငွေလွဲ လုပ်တဲ့နေရာတွေမှာ ကန့်သတ်ချက်တွေကို အစိုးရက ရုပ်သိမ်းပေးဖို့ အတွက်ကိုလည်း တိုက်တွန်းမယ်လို့ သိရပါတယ် ဆရာ။

"ကျနော်တို့က IMF ရဲ့ အသင်းဝင်အဖြစ် လက်မှတ်ထိုးထားတယ်။ လက်မှတ်ထိုးပြီးတော့ အသင်းဝင် ဖြစ်တယ်။ လက်မှတ်ထိုးစဉ် အခါကတည်းကိုက သူ့ သတ်မှတ်ချက်၊ ပြန်ဌာန်းချက်ကတော့ လက်မှတ် ထိုးကတည်းက ရှိတာဘဲလေ။ အဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာတော့ Member Obligation (အဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များ) ဆိုတာကတော့ ကျနော်တို့ လိုက်နာရမှာဘဲပေါ့နော်။ အစိုးရအနေနဲ့ မရှောင် မလွဲသာတော့ဘူးပေါ့လေ၊ အသင်းဝင် ဖြစ်သွားတယ်ဆိုရင်တော့။"

နောက်တခုက မြန်မာနိုင်ငံကနေ IMF အဖွဲ့ကြီးကို တင်ပြထားတဲ့ စာရင်း ဇယားတွေဟာ မှန်ကန် တိကျမှု မရှိဘူး၊ လုပ်ကြံထားတဲ့သဘော တွေ့ရတယ်လို့ ဝေဖန်တဲ့ အသံတွေလည်း ကြားနေရပါတယ် ဆရာ။ ဒီတော့ မြန်မာနိုင်ငံက ပြုစုတဲ့ ဘဏ္ဍာရေး စာရင်းဇယားတွေအပေါ်မှာ ဆရာ့ရဲ့ အမြင်ကို သိပါရစေ။

"စာရင်းဇယား ပြုစုတဲ့နေရာမှာ အဓိကအားဖြင့်ကတော့ ဟို Nationals Economic Planning (စီးပွားရေး စီမံကိန်း) ပေါ့လေ၊ အဲဒီ အေဂျင်စီ NEP ကဘဲ လုပ်တာ။ အပြင်တွေ ဘာတွေကတော့ သိပ်ပါဝင် ပတ်သက်တာ ကျနော်တို့ မတွေ့ဘူးခင်ဗျ။ ကျောင်းတွေ ဘာတွေကလည်းဘဲ သူ့ဟာသူ Research (သုတေသန) အနေနဲ့ Survey (အချက်အလက် စုဆောင်းတဲ့) အနေနဲ့ ကွင်းဆင်းတာမျိုးလောက်ဘဲ ရှိပြီးတော့ အမျိုးသား စီမံကိန်း ဦးစီးဌာန အနေနဲ့တော့ ဘာမှ ပြီးခဲ့တာတော့ မရှိဘူးပေါ့လေ။"


IMF ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ဘဏ္ဍာရေးအရ ဆက်သွယ်ရာမှာ ပြန်ပြီး ဝင်ဆန့်အောင် အကြံတွေ ပြုမှာကတော့ သေချာပါတယ်။ မြန်မာ အစိုးရပိုင်း အနေနဲ့လည်း IMF အကြံပြုချက်တွေကို အချိန်အတိုင်းအတာ တစ်ခု သတ်မှတ်ပြီးတော့ ထိထိရောက်ရောက် တုန့်ပြန်တာမျိုးကို IMF က မျှော်မှန်းထားမှာကလဲ သေချာပါတယ်။ ဆရာ့အနေနဲ့ မြန်မာအစိုးရ ဘက်ကရော အချိန်ကာလ အတိုင်းအတာ တစ်ခု သတ်မှတ်ပြီးတော့ တုန့်ပြန်နိုင်မယ့် အလားအလာ ရှိတယ်လို့ ဆရာ ယူဆပါသလား။

"IMF လို အဖွဲ့မျိုးကလာတယ်၊ ကိုယ်ကလည်းဘဲ ကမ္ဘာ့မိသားစုထဲက အဖွဲ့ဝင်တနိုင်ငံ အနေနဲ့ဖြစ်တယ်၊ ဒီပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုတောင်မှ တော်တော်လေးကို တလေးတစားနဲ့ ပြန်ပြီးတော့ တုန့်ပြန်ပေးတယ်ဆိုတော့ အစိုးရအနေနဲ့ ကျနော်ထင်ပါတယ်၊ ဟို လိုက်နာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။"

IMF ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီခရီးစဉ်ဟာ နည်းပညာပိုင်း အထောက်အကူ ပေးဖို့အတွင် မဟုတ်ဘဲနဲ့ IMF ရဲ့ ပြန်ဌာန်းချက်တွေ၊ လုပ်ထုံး လုပ်နည်းတွေ၊ စည်းမျဉ်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက လိုက်နာဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်အောင် ရှင်းပြမယ့် ခရီးစဉ်လို့လဲ တချို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ် ဆရာ။

"အဖွဲ့ဝင်တွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်း စောင့်ကြပ် ထိန်းသိမ်းဖို့အတွက် လာတယ်ဆိုရင်တော့ ဒါကတော့ ဘာမှ ဒီကလဲဘဲ စစ်ဆေးခံရမယ်၊ စည်းကမ်း ကြပ်မတ်မယ် အနေအထားမျိုး ဖြစ်ဖို့ သဘောထားဖို့ မကောင်းပါဘူးနဲ့ တူပါတယ်။ ဒါကတော့ အဖွဲ့ဝင်တဦး ဖြစ်သွားတယ်ဆိုရင်တော့ အဖွဲ့ဝင်တဦး လိုက်နာရမယ့်ကိစ္စ လိုက်နာရမှာပေါ့လေ။ သို့သော်လည်းဘဲ IMF မှာ ခေါင်းဆောင်ပြုနေတဲ့ ကမ္ဘာ့ဘဏ်တို့လို၊ အီးယူတို့လို၊ ဥပမာ US (အမေရိကန်) တို့လို ပုဂ္ဂိုလ်မျိုးက သူတို့ကလဲဘဲ တချို့ ကိစ္စရပ်တွေ မညီဘူး၊ သူတို့ပြဌာန်းတဲ့ ဘောင်အတွင်း သွင်းဖို့ရာအတွက် လာတာမျိုးလည်း ပါရင် ပါနိုင်ပါတယ်။ တောင်းဆိုတာမျိုးလည်း ရှိမှာပေါ့လေ နော်။ ရှိတယ်ဆိုတဲ့ အခါမျိုးကျရင်တော့ ဒီ တောင်းဆိုမှုသည် သူ့ဘက် ကိုယ့်ဘက် မျှတတယ်၊ သူများတကာကလည်းဘဲ လိုက်နာရတယ် ဆိုရင်တော့ ဒါ ကျနော် ထင်ပါတယ်၊ တိုင်းပြည်အနေနဲ့ကလည်း လိုက်နာဖို့ လိုမှာပါ။"

IMF ကိုယ်စားလှယ်အဖွဲ့မှာ၊ ဗဟိုဘဏ်များနဲ့ ငွေကြေး ကိစ္စရပ်များဆိုင်ရာ IMF အကြီးတန်း ဘဏ္ဍာရေး ကျွမ်းကျင်သူ Akelonnberg (အကလောန်ဘတ်ဂ်)၊ မြန်မာနိုင်ငံဆိုင်ရာ IMF တာဝန်ခံ Meral Karasulu ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိ သူတွေ လိုက်ပါလာကြပါတယ်။ IMF ကိုယ်စားလှယ် အဖွဲ့ဟာ မနက်ဖြန် နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။

သီတင်း တပတ်ကျော်ကြာမယ့် ဒီခရီးစဉ်အတွင်းမှာ အစိုးရ တာဝန်ရှိသူတွေ အပြင်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ဝါရှင်တန်ကလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

XS
SM
MD
LG