သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ GDP ၈.၅% တကယ်ဖြစ်နိုင်သလား


MYANMAR-ECONOMY/CURRENCY
MYANMAR-ECONOMY/CURRENCY
မြန်မာနိုင်ငံမှာ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးတက် လာတဲ့အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံ ရဲ့ အမှန်တကယ် ပြည်တွင်း အသားတင်ကုန် ထုတ်လုပ်မှု ဂျီဒီပီ တိုးတက်နှုန်းဟာ ၈.၅ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ IMF က သတင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ငွေစာရင်းကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကတော့ ဒီရာခိုင်နှုန်းဟာ လက်ရှိနှုန်းအရ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကို ကိုငြိမ်းချမ်းကပြောပြပေးထားပါတယ်။

၂၀၁၄၊ ၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ အမှန်တကယ် ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု GDP တိုးတက်နှုန်းဟာ ၈.၅ ရာခိုင်နှုန်းရှိမယ် လို့ မြန်မာပြည် ကို ရောက်နေတဲ့ Matt Davies ဦးဆောင်တဲ့ ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ IMF သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုးတက်မှုဟာ ဂတ်စ် ထုတ်လုပ်မှု နဲ့ ရင်းနှီးမြုပ်နှံမှု တိုးတက်လာတာတွေ ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီလို တိုးတက်လာတာ ဟာ ဖြစ်နိုင်တယ်၊ ဖြစ်သင့်တယ် လို့ စီးပွားရေး တက္ကသိုလ် အငြိမ်းစား ဒုပါမောက္ခချုပ်၊ ဗဟိုဘဏ် ဘုတ် အဖွဲ့ တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းထွန်း ပြောပါတယ်။

" အခုနောက်ပိုင်းမှာတော့ အခုအစိုးရသစ်တက်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ Official Growth Rate ကလည်း အဲ့လောက်ကြီး မများတော့ဘူးလေ။ မများတော့ဘူး ဆိုတော့ ၇% တို့ ၈% တို့လောက်နဲ့ပဲ ဒီက Official ကလည်း ဒီလောက်ပဲ။ ဆိုတော့ IMF ကလည်း အဲ့လောက်ကတော့ သူတို့လည်း လက်ခံတယ်။ ဖြစ်နိုင်တယ်။ သူတို့ရဲ့Estimate ကလည်း အဲ့ဒီ့အတိုင်းပဲ။ သိပ်မကွာဘူး။ ဒသမ နည်းနည်းပါးပါးပဲ။ လာမယ့်နှစ်အတွက် ကျနော်ထင်ပါတယ်။ အစိုးရရဲ့ Official ကလည်း Plan Target ကလည်း ၈%ထားတယ်ထင်တယ်။"

ဒါပေမဲ့ IMF က ထုတ်ပြန်တဲ့ ၈.၅ ရာခိုင်နှုန်း ဆိုတာ လက်ရှိ နှုန်း အရ မဖြစ်နိုင်ဘူး လို့ ပြည်သူ့ ငွေစာရင်း ကော်မတီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပြီး ဒဂုံမြို့သစ် မြောက်ပိုင်းရဲ့ လွှတ်တော် အမတ်တစ်ဦးလည်း ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ် တင်နွယ်ဦးကတော့ ပြောပါတယ်။ ပြီးတော့ သူက ဒီနှုန်းဟာ ဘယ်ဟာကို အခြေခံပြီး တွက်ထားသလဲ ဆိုတာ ကို မေးခွန်းထုတ်လိုက်ပါတယ်။

"၈.၅ ဖြစ်မယ်ဆိုတော့ ကျမက တခါ လွှတ်တော်ထဲမှာ ပြောဖူးတယ်လေ။ အဲ့လိုတိုးမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့။ သူတို့ထင်တာက FDI (Foreign direct investment ) တွေ လာကြမယ်။ လာလို့ရှိရင် ကျမတို့ စီးပွားရေးတိုးတက်မယ်။ တကယ့်တကယ် ကျမတို့ စီးပွားရေး တိုးတက်တယ် ဆိုတာက FDI ကြောင့်ပဲ မဟုတ်ဘူးလေ။ FDIလာမယ့် နည်းလမ်းတွေက ကျမတို့မှာ လျှပ်စစ်ဆိုလည်း မရှိဘူး။ သိတယ်မဟုတ်လား။ ဆက်သွယ်ရေးကလည်း အဆင်မပြေဘူး။ IT ကလည်း ခေတ်နောက်ကျနေတယ်။ မြေဈေးတွေကလည်း ကြီးတော့ FDI ကတော့ လာမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီ့ပူးပေါင်းဆောင်ရွက်မှုတွေကနေ ထွက်လာမယ့် အကျိုးအမြတ်တွေနဲ့ အဲ့တာကို တွက်ပြီး ပြောတယ်ထင်တယ်။ "

ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့ IMF ထုတ်ပြန်ချက်ထဲမှာ အစိုးရ ဘတ်ဂျက် လိုငွေ ပြမှု ကို ဂျီဒီပီ ရဲ့ ငါးရာခိုင်နှုန်း အတွင်း ရှိစေပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက် ငွေပိုသုံးနိုင်ဖို့ အစိုးရအနေနဲ့ အခွန်ငွေတိုးတက်အောင် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။ အဲ့ဒီလို လုပ်ဆောင်ဖို့ အတွက် အစိုးရ ပေါ်လစီ ဟာ လိုက်နာဖို့ နဲ့ ကြပ်မတ်ဖို့ လွယ်ကူပြီး ကင်းလွတ်ခွင့် အနည်းဆုံး ဖြစ်သင့်တယ် လို့ ထောက်ပြ ထားပါတယ်။ နောက်ပြီး အစိုးရအနေနဲ့ အားလုံး ပါဝင်တဲ့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် ဘာတွေ လုပ်နေတယ်၊ လုပ်သင့်တယ် ဆိုတာကို ဦးကျော်မင်းထွန်းက အခုလို ပြောပြသွားပါတယ်။

"အဲ့ဒီ့တော့ အခုနောက်ပိုင်းမှာ ကျနော်တို့ Development Growth Strategyတို့ Develpoment Strategy တို့က ကျနော်တို့ အခု ADP တို့လည်း လုပ်တယ်။ ကျနော်တို့လည်း အဲ့ဒီ့အတိုင်းပဲ။ အခု Share Growth ဆိုတာ တိုးတက် လာတာကို အကုန်လုံး ညီမျှအောင် ခံစားဖို့။ အဲ့တော့ ဘာနဲ့တူသွားလည်း ဆိုတော့ Inclusive growth လူတိုင်း တာဝန်ယူပြီးတော့ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ အရမ်းကျိကျိတက် ချမ်းသာသွားမယ့်ဟာမျိုး မဟုတ်ဘဲနဲ့၊ အဲ့ဒီ့ Strategy ကိုက ဆင်းရဲမှု ပပျောက်ရေးတို့၊ ကျေးလက်ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်ထွန်းရေးတို့၊ ဖြစ်ထွန်းလာမယ့် အလုပ်အကိုင်တွေမှာ Productivity တက်လာဖို့ လုပ်ရင်း၊ ကျနော်တို့ရဲ့ တိုးတက်မှုဟာ ခုန မြို့တွေမှာပဲ ချမ်းသာတဲ့လူတွေအတွက် မဟုတ်တော့ပဲနဲ့ တပြေးညီအဆင့်တော့ မရောက်ဘူးပေါ့။ သို့သော်မျှမျှတတပေါ့၊ ကျနော်တို့ ဆင်းရဲမှုကို တိုက်ဖျက်တဲ့နေရာမှာလည်း ကျနော်တို့ ဒီလိုလူတွေကို လူအများစုကို အခြေခံတဲ့ဟာ ဖြစ်လာတာပါ။"

ငွေကြေး ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေဖို့ ခေတ်မှီပြီး စနစ်ကျတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ဘဏ်အားလုံး အတွက် တပြေးညီ ဖြစ်သင့်ကြောင်း အခုလို နိုင်ငံခြားဘဏ်တွေ မြန်မာပြည်ထဲ ဝင်လာခါနီးမှာ ပိုပြီး အရေးကြီးကြောင်း ထုတ်ပြန်သွားပါတယ်။
XS
SM
MD
LG