သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ဘဏ်စီမံကိန်းများ ဒေသခံလူထုအသံ နားထောင်ဖို့ တိုက်တွန်း


ကမ္ဘာ့ဘဏ်နဲ့နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ နှစ်ပတ်လည် ညီလာခံတက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များ။ (အောက်တိုဘာ ၁၁၊ ၂၀၁၄)

ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကနေ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေတဲ့စီမံကိန်းတွေမှာ ဒေသခံတွေရဲ့ဆန္ဒကို ရယူတာမရှိခဲ့တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ IMF နှစ်ပတ်လည်ညီလာခံကို တက်ရောက်လာတဲ့ လူမှုအဖွဲ့ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်း တွေကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း ဒေသခံတွေ မခံစားကြရသလို ဒီစီမံကိန်းတွေကြောင့်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုကို ထိခိုက်လာမှာ စိုးရိမ်တဲ့အကြောင်း ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံကနေ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ နိုင်ငံတကာက အကူအညီတွေ အလုံးအရင်းနဲ့ ပေးအပ်လာတဲ့အထဲမှာ ကမ္ဘာ့ဘဏ်နဲ့ IMF လို အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ ဒီလို ကမ္ဘာ့ဘဏ်နဲ့ IMF လို အဖွဲ့အစည်းတွေကနေ ပေးအပ်လာတဲ့ အကူအညီတွေထဲမှာ အထူးသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးတွေ ပါဝင်ပြီး မြန်မာအစိုးရတာဝန်ရှိသူတွေကလည်း ဒီအကူအညီတွေဟာ တကယ်ပဲ အကျိုးဖြစ်ထွန်းတယ်လို့ ပြောဆိုနေတာပါ။

ဒါပေမဲ့လို့လည်း ဒီဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေမှာပဲဖြစ်ဖြစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာပဲဖြစ်ဖြစ် ဒေသခံတွေရဲ့ သဘောဆန္ဒကို ရယူတာ မရှိတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ လူမှုအသင်းအဖွဲ့တွေက ထောက်ပြနေကြတာပါ။

“ရိုက်နှက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ပြီးလို့ရှိရင် အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းမှု၊ မြေယာသိမ်းမှုတွေပေါ့နော်။ ဒီိကိစ္စတွေကတော့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပျက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ဘာမှ ကာကွယ်ပေးထားတာ မရှိဘူး။ ဒါကြောင့်မို့ ဒီ ဒေသခံတွေရဲ့အသံကို ရယူဖို့ကတော့ အရေးကြီးတယ်ပေါ့နော်။”

ဒါကတော့ Global Advocacy Team လို့ခေါ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ လူမှုအဖွဲ့က ကိုယ်စားလှယ် မမွန်းနေလီ ဖြစ်ပါတယ်။ သူဟာ ၀ါရှင်တန်မှာ ၃ ရက်ကြာကျင်းပနေတဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF ၂၀၁၄ နှစ်ပတ်လည်ညီလာခံကို တက်ရောက်နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူက - မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ဒီဖွံ့ဖြိုးရေးစီမံကိန်းတွေကနေ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို တကယ့်လက်တွေ့မှာ ဒေသခံတွေ မရရှိဘဲ ငွေထုတ်ပေးတဲ့ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ စီမံကိန်းဖော်ဆောင် နေသူတွေသာ ခံစားနေကြရတာ ဖြစ်တယ်လို့လည်း အခုလို ဆက်ပြောခဲ့ပါတယ်။

“အဓိက ကြည့်မယ်ဆိုလို့ရှိရင် ပေးဆပ်လိုက်ရတဲ့ ဒေသခံတွေပေါ့နော်၊ ဥပမာဆိုလို့ရှိရင် လယ်ယာမြေ သိမ်းဆည်းမှုတွေခံလိုက်ရတဲ့၊ လယ်ယာမြေကို အဓိကထားပြီးတော့ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ ဒေသခံတွေ ဆိုလို့ရှိရင် သူတို့အတွက် အသက်မွေးဝမ်းကျောင်း လုပ်မယ့် မြေယာလည်း မရှိတော့ဘူး၊ ပြီးလို့ရှိရင် သူတို့အတွက်ပြန်ပြီးတော့ မြေယာချပေးတာတွေလည်း မရှိဘူး၊ ဥပမာ မြေယာချပေးမှုတွေ တစုံတရာ ရှိတယ် ထားလိုက်ပါတော့၊ တကယ်လည်း သူတို့အတွက် စားဝတ်နေရေး ဖူလုံဖို့အတွက်ပေါ့နော်- ပြန်ပြီးတော့ အစားထိုးနိုင်တဲ့ မြေယာ မရှိဘူးပေါ့နော်။ ဒါကြောင့်မို့ ဒေသခံတွေ တကယ် အကျိုးမရှိဘဲနဲ့ တကယ်အကျိုးဖြစ်ထွန်းတယ်ဆိုတာက လက်ဝါးကြီးအုပ်နေတဲ့သူတွေ၊ အာဏာပိုင်တွေ၊ ပြီးလို့ရှိရင် လုပ်ငန်းကို အကောင်အထည်ဖော်တဲ့သူတွေ ပေါ့နော်။ ပြီးလို့ရှိရင် အကျိုး တကယ် ရရှိတာက ကမ္ဘာ့ဘဏ်တွေက တကယ် အကျိုးပိုပြီးတော့ ရရှိတာပေါ့။”

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ နှစ်ပတ်လည် ညီလာခံကျင်းပစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၄)
ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ နှစ်ပတ်လည် ညီလာခံကျင်းပစဉ်။ (အောက်တိုဘာ ၁၁၊ ၂၀၁၄)

ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေဟာ ဒီစီမံကိန်းတွေကြောင့် နောက်ကြောင်းပြန်လှည့်သွားမှာ၊ အဟန့်အတား ဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း GAT ကိုယ်စားလှယ်တွေက ညီလာခံကျင်းပတဲ့ ပထမဆုံးနေ့မှာတင်ပဲ ထောက်ပြ ပြောဆိုခဲ့ကြတာပါ။ ဒါ့အပြင် Safeguard လို့ခေါ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးရာ အကာကွယ်ပေးရေး မူဝါဒတွေမှာလည်း အတော်လေး အားနည်းချက်တွေ ရှိတယ်လို့ မမွန်းနေလီက ထောက်ပြခဲ့ပါတယ်။

“ကမ္ဘာ့ဘဏ်ကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီးတော့ ပြောတိုင်းမှာ သူတို့က ပြန်ပြီးတော့ တုံ့ပြန်တာက ကျနော်တို့က ဘဏ်ပါ- ပေါ့နော်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး ဆိုတဲ့ဟာ သူတို့မှာ အမြဲတမ်း ငြင်းဆိုတာတွေ ရှိတယ်။ ဒါပေမယ့် တကယ်တန်း ကြည့်မယ်ဆိုလို့ရှိရင် ငွေကြေးချေးခြင်းအားဖြင့် ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တောက်လျှောက်ဖြစ်နေတဲ့အပေါ်မှာ ကမ္ဘာ့ဘဏ်ကလည်း တစုံတရာ တာဝန်ယူမှု၊ တာဝန်ခံပေးမှု - အရေးကြီးတယ်ဆိုတာပေါ့နော်- ပြီးလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာပြီ ဆိုလို့ရှိရင်လည်း ဘယ်လိုမျိုး အရေးယူနိုင်တယ်ဆိုတဲ့ဟာပေါ့နော်၊ ဆိုတဲ့ကိစ္စတွေကို Safeguard policy မှာ တိတိလင်းလင်း ခိုင်ခိုင်မာမာနဲ့ ရေးထား မှတ်ထားတယ်ဆိုလို့ရှိရင် ဒေသခံလူတွေအတွက် ကြိုတင်ကာကွယ်ပေးတဲ့ကိစ္စတွေပေါ့နော်၊ အကျိုး ပိုပြီးတော့ ဖြစ်ထွန်းနိုင်မယ့်ကိစ္စတွေ ဖြစ်လာမှာပါ။”

ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ လူမှုအဖွဲ့က ကိုယ်စားလှယ် မမွန်းနေလီ ဖြစ်ပါတယ်။ မနေ့ စနေနေ့တုန်းကလည်း ၀ါရှင်တန်ဒီစီမှာရှိတဲ့ ကမ္ဘာ့ဘဏ်ရှေ့မှာ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပြီး

ကမ္ဘာ့ဘဏ်နဲ့ IMF အစည်းအဝေးကျင်းပရာရှေ့မှာ ဆန္ဒပြနေသူများ။
ကမ္ဘာ့ဘဏ်နဲ့ IMF အစည်းအဝေးကျင်းပရာရှေ့မှာ ဆန္ဒပြနေသူများ။

- ကမ္ဘာကြီး အတွက် အလုပ်လုပ်ဖို့နဲ့ ငွေကြေးကို အဓိကထားပြီး ဆင်းရဲသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေ မလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG