နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မှာ ထွန်းသစ်စ နိုင်ငံတွေကို ပိုပြီး မဲပေးခွင့်ပြုဖို့ ကမ္ဘာ့စီးပွားရေး ဦးဆောင် နိုင်ငံ ၂၀ က ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတွေဟာ စနေနေ့မှာ သဘောတူလိုက်ကြပါတယ်။ အဲဒီသဘောတူညီချက်ကို ၂ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံ နောက်ဆုံးရက်က ကြေညာခဲ့တာပါ။
IMF ရဲ့ မဲပေးခွင့် ၅ ရာခိုင်နှုန်းကို ဒီသဘောတူညီချက်အရ လွှဲပြောင်းပေးမှာဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယတို့ဟာ ရှယ်ယာအများဆုံးပိုင်တဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ၂၄ နိုင်ငံ ပါဝင်တဲ့ ဘုတ်အဖွဲ့က နေရာ ၂ နေရာကိုလည်း ဥရောပက စွန့်လွှတ်ဖို့ သဘောတူခဲ့ပါတယ်လို့ IMF မန်းနေးဂျင်း ဒါရိုက်တာ Dominique Strauss-Kahn က သတင်းထောက်တွေကို ပြောပါတယ်။
ငွေကြေးတွေကို ဟန်ချက်ညီမျှအောင် ထိန်းနိုင်တဲ့ တကမ္ဘာလုံးဆိုင်ရာ နည်းလမ်းကို ရှာဖွေရာမှာ နောက်ဆုံး ဘယ်ရက်အပြီးရှာမယ်ဆိုတဲ့ သတ်မှတ်ရက်ကိုတော့ ကိုယ်စားလှယ်တွေအနေနဲ့ သဘောတူညီချက် မရခဲ့ကြပါဘူး။ ငွေကြေးကို အပြိုင် နှိမ့်ချနေတာကို ရှောင်နိုင်အောင် ချုပ်တည်းကြဖို့ကိုတော့ နိုင်ငံတွေက သဘောတူခဲ့ကြပါတယ်။